ရန်ကုန်၊ မေ ၈
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၅ လုံးလည်း ဗုံးထိမှန်ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့က ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၁၀ ဦးထဲက အမျိုးသား ၁ ဦး ဒီနေ့ ဆေးကုသမှု ခံယူနေတုန်း သေဆုံးသွားတယ်။ နေအိမ်ကလည်း ၅ လုံးလောက် ပျက်စီးသွားတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်တပ် နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ မှ အသိပေးနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



