ရန်ကုန်၊ မေ ၉
မန္တလေးတိုင်း၊ သာစည်မြို့အနီးကို ဗဟိုပြု၍ ယနေ့ မွန်းလွဲပိုင်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မိတ္တီလာ၊ ရမည်းသင်း၊ မန္တလေးနှင့် ဝမ်းတွင်းမြို့တို့တွင် ပြည်သူများ စိုးရိမ်ထိတ်လန့်သွားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၇ မိနစ်အချိန် မန္တလေးတိုင်း၊ သာစည်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာသည်။
“ငလျင်က အခုလှုပ်တာ တစ်ချက်တည်းပေမယ့် ကိုင်ဆောင့်သလိုပဲ။ ဒုန်းဆိုတဲ့အသံပါကြားရတာ။ မိတ္တီလာမှာ ၃ နာရီ ၆ မိနစ်အချိန်လောက်မှာ အရမ်းသိသာတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်ပြီးရင် ဒီငလျင်က ပြင်းပြီး သိသာတဲ့ ငလျင်ပဲ” ဟု မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။
မန္တလေး၊ ဝမ်းတွင်းနှင့်ရမည်းသင်း အပါအဝင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သွားသော ငလျင်ကို သိသာစွာ ခံစားရကြောင်း ပြည်သူများ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ယနေ့အထိ ရှိနေဆဲ မန္တလေးမှ အပြိုအပျက်အစီးများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
