ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားစက်ရုံ စစ်တပ်က တည်ဆောက်ရန်ရှိနေမှု မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ဟု KNU က ထုတ်ပြန်
ရန်ကုန်၊ မေ ၁၀
ရုရှားနည်းပညာဖြင့် အနူမြူဓာတ်အားပေးစက်ရုံ စစ်ကောင်စီက တည်ဆောက်မည့် အခြေအနေကြောင့် မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း KNU က မေလ ၉ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။
မေလ ၉ ရက်နေ့ ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထီးခီးဒေသကို KNLA က ပြန်လည် သိမ်းပိုက်ပြီးနောက် ထီးခီးစစ်ရေး အခြေအနေနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တလျှောက် နေထိုင်သော ထိုင်းပြည်သူမျာသို့ အသိပေးကြေညာချက်တစ်ရပ်ကို မြိတ်-ထားဝယ်ခရိုင် KNU က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က KNU ၏ မြိတ်-ထားဝယ်ခရိုင် နယ်မြေကို ၁၉၉၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခများနှင့် ဒေသပြည်သူများ၏ နေရပ်ပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ KNU တပ်မဟာ ၄ အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဒေသပြည်သူများ၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် မြိတ်-ထားဝယ်ဒေသရှိ ထီးခီး စစ်အခြေစိုက်စခန်းကို ပြန်လည် ထိန်းချုပ်ခြင်းသည် မဖြစ်မနေ လိုအပ်သည်ဟု ယုံကြည်ကြောင်း KNU က ကြေညာသည်။
ပြည်သူများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက်စေရန်အ တွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း၊ စစ်အာဏာရှင်က ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားစက်ရုံ တည်ဆောက်ရန်ရှိနေမှုကြောင့် မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း၊ လက်ရှိအနေအထားတွင် နူကလီးယားစက်ရုံ တည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြရာတွင် ပဲခူးတိုင်းအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် ဖြစ်ကြောင်း KNU က ဆိုသည်။
KNU အနေဖြင့် အတိတ်နှင်ပစ္စုပ္ပန်ကာလအတွင်း ထိုင်းပြည်သူများနှင့် သဟာဇာတဖြစ်စွာ နေထိုင်ခဲ့ကြသကဲ့သို့ နောင်အနာဂတ်အတွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ရန် အသင့် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ထား၀ရငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေး သဘောထား အပေါ် မိမိတို့ရပ်တည်ကြောင်း၊ ထိုင်းပြည်သူများထံမှ နားလည်မှုကိုလည်း မျှော်လင့်ကြောင်း KNU က ကြေညာထားသည်။
ဓါတ်ပုံ − ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်း နှင့် ထီးခီး ဗျူဟာစခန်းကို KNU ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားစဉ်။
