ရန်ကုန်၊ မေ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို စစ်တပ်က တိုက်လေယာဉ်၊ Y -12 လေယာဉ်များဖြင့် ဗုံးကျဲမှု နေအိမ်အများအပြားပျက်စီး မီးလောင်ပျက်စီးသွားပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊တိုက်လေ ယာဉ် က ကျဲချသော ဗုံးများက ဝင်းကံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၀ ရက်နေ့ ညနေပိုင်းတွင်လည်း Y-12 လေယာဉ် ၁ စီးဖြင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကိုပင် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် ရွာရှိ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“တစ်ဖက်မှာရှိတဲ့ ညောင်လေးပင် ခမရ ၅၉၈ သိမ်းပိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ လာပြီး ဗုံးကျဲတယ်လို့ ထင်တာပါပဲ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးလာကျဲတာပါ။ မနက်ရော ညနေရော နှစ်ကြိမ် ဗုံးကျဲတာပါ။ ပြည်သူတွေကတော့ မနေရဲကြတော့ဘူး။ ပြည်သူ ၂ ဦးတော့ ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





