34 C
Yangon

တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသော ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြန်လည် ထိန်း ချုပ်နိုင်ပြီဟု စစ်ကောင်စီက ပုံအဟောင်းများဖြင့် လိမ်လည်ဝါဒဖြန့်နေ၊ တိုက်ပွဲပြင်းထန်နေဆဲ

Must read

ရန်ကုန်၊ မေ ၁၂

တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသော ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု စစ်ကောင် စီက ပုံအဟောင်းများဖြင့် လိမ်လည်ဝါဒဖြန့်နေကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို KNLA၊ SOF၊ PDF၊ ပကဖ၊ local PDF နဲ့ ဒရုန်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆို ပါ သိမ်းပိုက်မှုတွင် လက်နက်ကြီး/လက်နက်ငယ် ၈၃ လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံပန်း ၆ ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ ၄ ဦး၊ မိသားစုဝင် ၇ ဦး ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကြောင်း၊ စစ်သားအလောင်း ၃၀ အလောင်း သိမ်းဆည်းရရှိပြီး စစ်တပ်ဘက်မှ အရာရှိအားလုံးနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

KNLA ၊ PDF ပူးပေါင်းတပ်များ သိမ်းဆည်းထားသော ခမရ ၅၉၈ တပ်ရင်းဌာနချုပ် ၊ ကွမ်းဆိပ် တပ်စခန်း နှင့် ကွမ်းဆိပ်ရဲစခန်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း နှင့် မြေပြင်စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ လက်ရှိတွင် ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်၊ ရှမ်းစုကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ပူး​ပေါင်းဆောင်ရွက်လျက်ရှိပြီး စစ်တပ်စစ်ကြောင်းနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း သိရှိရသည်။

သို့ရာတွင် စစ်ကောင်စီက မေလ ၁၁ ရက်နေ့တွင် ရွှေကျင်မြို့နယ် ခမရ ၅၉၈ ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု လိမ်လည်ဝါဒဖြန့်လျက်ရှိကြောင်း၊ တိုက်ပွဲများကြောင့် ခရမ ၅၉၈ တွင် အဆောက်အအုံ ကောင်းကောင်းမရှိတော့ဘဲ တပ်ရင်းဌာနချုပ်မှ အဆောက်အအုံအားလုံး ပြိုပျက်သွားပြီဖြစ်ကြောင်း၊ စစ်ကောင်စီက ခမရ ၅၉၈ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု လိမ်လည် ဝါဒဖြန့်နေသော ဓာတ်ပုံများတွင် တပ်ရင်း အဆောက်အအုံများမှာ ပျက်စီးခြင်းမရှိဘဲ အကောင်းအတိုင်း ရှိနေသည်ကို မြင်တွေ့နိုင်ကြောင်း၊ ယင်းပုံများမှာ ပုံအဟောင်းများဖြစ်ပြီး ပုံအဟောင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“စစ်တပ်က ခမရ ၅၉၈ ပြန်သိမ်းလို့ရတယ်ဆိုတဲ့ ပုံတွေကို သေချာကြည့်ပါ။ အဲဒါ ပုံအဟောင်းတွေပါ။ ကျနော်တို့မှတ်တမ်း ဓာတ်ပုံ ဗီဒီယိုဖိုင်တွေ တင်ထားပါတယ်။ ပြောရရင် ခမရ ၅၉၈ တပ်စခန်းမှာရှိတဲ့ အဆောက်အဦးတွေ အကုန်လုံးက ကြေမွနေပြီ။ သူတို့လည်း အဲဒီမှာ ခြေကုပ်ယူပြီး အထိုင်ချလို့ မရတော့သလို ကျနော်တို့လည်း အဲဒီမှာ သွားပြီးတော့ အထိုင်ချလို့မရဘူး။ မေလ ၈ ရက်နေ့စခန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ မနေ့ကအထိ ကျနော်တို့ စခန်းသိမ်း ရှင်းလင်းရေး လုပ်နေတာပေါ့။ သူတို့က တော့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ် ၊ ကွမ်းဆိပ် တပ်စခန်း နှင့် ကွမ်းဆိပ်ရဲစခန်းကိုရော လက်နက်ကြီး၊ လေကြောင်းရော ဒရုန်းရော မြေပြင်အင်အားတွေရော ပြန်ပြီး သိမ်းပိုက်နိုင်အောင် စစ်ကြောင်းထိုးလာတာရှိတယ်။ ကျနော်တို့ သိမ်းပိုက်ထားတဲ့ ပတ် ဝန်းကျင်မှာ စစ်ကြောင်းထိုးလာတဲ့ သူတွေကို နယ်မြေရှင်းလင်းရေး လုပ်နေဆဲဖြစ်တယ်။ ခမရ ၅၉၈ နဲ့ပတ်သက်ပြီး သူတို့ ပြန်လည် ထိန်းချုပ် အထိုင်ချထားတယ်ဆိုတာ လုံး၀ မဟုတ်ဘူးဆိုတာပြောလိုတယ်။ မြေပြင်မှာ ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်” ဟု ရဲဘော်အောင်စံရှားက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်အင်အား ၃၀၀ ကျော်ဖြင့် ခမရ ၅၉၈ တပ်စခန်း ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article