ရန်ကုန်၊ မေ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မွတ်စလင်များကို စစ်ကောင်စီက နယ်ကျော် ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ဆေး ကုသခွင့်၊ အလည်သွားရောက်ခွင့်နှင့်ပညာရေးအတွက် ခရီးသွားလာမှုများအားလုံးကို ရပ်ဆိုင်းထားကြောင်း စစ်တွေမြို့မှ မွတ်စလင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မွတ်စလင်များအနေဖြင့် ဆေးကုသမှု ခံယူရန် ဖြစ်စေ၊ အလည်အပတ်ခရီးစဉ်အတွက်ဖြစ်စေ၊ ပညာရေးကိစ္စဖြစ်စေ အခြားပြည်နယ်/တိုင်းများသို့ သွားရောက်လိုပါက ပုံစံ ၄ လျှောက်ထားရကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က မွတ်စလင်များကို ပုံစံ ၄ ထုတ်ပေးမှုများကို တင်းကျပ်ခဲ့ရာမှ ယခုအခါတွင် လုံး၀ မထုတ်ပေးသလောက်ဖြစ်သွားပြီး ခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်း သိရှိရသည်။
“စစ်တွေမှာ မွတ်စလင်အများစုက မှတ်ပုံတင် မထုတ်ပေးပါဘူး။ လျှောက်ထားရင်လည်း နှစ်နဲ့ချီပြီး ကြာတယ်။ မပေးဘူး။ နောက်ဆုံး နေမကောင်းဖြစ်လို့ ဆေးကုသခံယူဖို့အတွက် ပုံစံ ၄ လျှောက်ထားပြီး ၄၅ ရက်ရန်ကုန်မြို့ကို လာလို့ရတယ်။ အရင်က ရတယ်။ အခုတော့ မရတော့ဘူး။ ပုံစံ ၄ လျှောက်ထားရင် စစ်တွေမြို့ လဝက ရုံးမှာ လျှောက်ထားပြီး ရန်ကုန်တိုင်း လဝကရုံးကိုပို့ရတယ်။ ရန်ကုန်တိုင်း လဝက စစ်ဆေးပြီးရင် စစ်တွေမြို့ရုံးကို ပြန်ပို့တယ်။ မှန်ကန်ကြောင်းဆိုပြီး ဒါတစ်ပိုင်းပြီးပြီး။ စစ်တွေမြို့ လဝက စစ်ဆေးပြီးတော့မှ စစ်တပ်ဆီကိုပို့ပြီး စစ်အရာရှိက လက်မှတ်ထိုးပေးမှ သွားခွင့်ရတယ်။ အခုကတော့ စစ်အရာရှိက လက်မှတ်ထိုးမပေးဘဲ အချိန်ဆွဲ ငွေတောင်းပေါ့။ ထိုးလည်းမပေးတော့ဘူး။ သွားလို့လည်းမရတော့ဘူး” ဟု စစ်တွေမြို့မှ မွတ်စလင်တစ်ဦးက ဆိုသည်။
စစ်တွေမြို့မှ မွတ်စလင်များမှာ ကျန်းမာရေးမကောင်းမွန်၍ မြို့ပြတွင် ဆေးဝါးကုသခွင့်ရရှိရန် ပုံစံ၄ လျှောက်ထားပြီး လာဘ်ငွေများလည်း အများအပြားပေးဆောင်ရကြောင်း၊ သို့ရာတွင် လူနာမှာ သေသွားသည့်တိုင် ခရီးသွားခွင့်မရဘဲ ပေးထားသည့် လာဘ်ငွေများ ဆုံးရှုံးမှုများလည်းရှိနေကြောင်း သိရှိရသည်။
“ရန်ကုန်မှာ ဆေးကုသခံယူဖို့ ခရီးသွားခွင့် လျှောက်ထားရင်း လူနာက သေတယ်။ တချို့ လူနာဆိုရင် အသက်ရှင်သန်ဖို့ အတွက် အိမ်ပေါင်ပြီး ပုံစံ ၄ လျှောက်ထားကြတယ်။ ငွေလည်းပေးထားကြတယ်။ အဲဒီလို သေဆုံးသွားကြတဲ့ လူတွေလည်းအများကြီးပဲ” ဟု ဒေသ မွတ်စလင်တစ်ဦးက ရှင်းပြသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မွတ်စလင်များအပေါ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပိုမို ခွဲခြားမှုများပြုလုပ်လာပြီး ယခင်က ရှိနေခဲ့သည့် ခွဲခြားဆက်ဆံမှုများမှာ ပိုမိုကြီးမားလာကြောင်း၊ အထူးသဖြင့် လ၀က ဥပဒေနှင့်သာမက လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိသူများအဖြစ် ခွဲခြားဆက်ဆံခံနေရကြောင်း စစ်တွေမြို့မှ မွတ်စလင်များက ပြောဆိုကြသည်။
ယခု လက်ရှိ စစ်တွေမြို့တွင် AA က လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ စစ်ကောင်စီက မွတ်စလင်လူငယ်များကို စစ်မှုထမ်းအဖြစ် စုဆောင်းမှုများရှိကြောင်း၊ ဒေသပြည်သူများကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးရန် ဖိအားပေးခိုင်းစေမှုများလည်းရှိနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
