ရန်ကုန်၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အိုးဖိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်းခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူအများစု ဖမ်းဆီးခံရကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် မင်းကုန်း စစ်တပ် အထိုင်စခန်းသို့ ရောက်လာပြီး ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဖိုကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကျေးရွာ အတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၄ လုံးသည် ငါးကန်နှင့် လယ်တောများ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ကျည်များ ထိမှန်ပြီး အိုးဖိုကျေးရွာမှ အမျိုးသမီး ၁ ဦးနှင့်အမျိုးသား ၂ ဦး လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့်တွင် တခွန်တိုင်ကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူအများအပြားကို ဖမ်းဆီးထားကာ နေအိမ်များကို စိတ်ကြိုက်မွှေနှောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် အိုးဖိုကျေးရွာ၊ ကင်ဗျားကျေးရွာ၊ တခွန်တိုင်ရွာနှင့် အနီးနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ နီစပ်ရာ ကျေးရွာများကို တိမ်းရှောင်တိမ်း ထွက်ပြေးနေရကြောင်း သိရှိရသည်။
“စစ်ကြောင်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ အိုးဖိုကျေးရွာထဲကို ပစ်တာ ၅ လုံး ရွာထဲ ၁ လုံးကျတယ်။ ၄ လုံးက ငါးကန်နဲ့လယ်တွေထဲကျတာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ အခု တခွန်တိုင်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူတွေကိုဖမ်းထားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
