ရန်ကုန်၊ မေ ၁၅
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် သမကုန်းအနီးရှိ ချန်းရိ Adids ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ကျပ်တိုးမြှင့်ပေးရေးဆန္ဒပြနေသည့် အလုပ်သမားများကို စက်ရုံဘက်က အလုပ်ထုတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်လိုက်ကြောင်း ဆန္ဒပြအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့မှစတင်၍ အဆိုပါစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့ မေလ ၁၅ ရက်နေ့တွင်လည်း ဒုတိယနေ့အဖြ်စ အလုပ်သမား ၆၀၀၀ ခန့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမား ကိုယ်စားလှယ် ၄ ဦးက စက်ရုံနှင့် သွားရာက်ညှိနှိုင်းနေသော်လည်း ပြေလည်မှု မရသေးကြောင်း သိရှိရသည်။
“စက်ရုံဘက်က တိကျတဲ့ အဖြေမပေးဘူးရှင့်။ ၆ လပိုင်း ၁ရက်နေ့အထိတောင် သူတို့ဘက်က ညှိပေးမယ် ပြောနေတုန်းပဲ။ ၆လပိုင်း ၁ရက်နေ့အထိတောင်မှ ညှိရဦးမှာကို သူတို့ဘက်က တိုးပေးရင်တောင် ညီမတို့တောင်းဆိုတဲ့ တစ်ရက် လုပ်အားခ ၁၂၀၀၀ ကတော့ မရဘူးလို့ပြောတယ်”ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့တွင် ဆန္ဒပြအလုပ်သမားများကိုမူ စက်ရုံဘက်က ညှိပေးမည်ဟု ပြောထားလျက်နှင့် အလုပ်ဆက်မလုပ်ပါက ခွင့်မဲ့ ပျက်ကွက်ဟု သတ်မှတ်ကာ အလုပ်ထုတ်မည်ဟု စက်ရုံဘက်က ခြိမ်းခြောက်ပြောဆိုလာကြောင်း ဆန္ဒပြအလုပ်သမားထံမှ ပြောကြားသည်။
“သွားညှိတဲ့ ကိုယ်စားလှယ် ၄ ဦးကိုတောင် ဥပဒေအရ အရေးယူမယ်လို့ပြောလိုက်သေးတယ်။ ညီမတို့က နောက်နေ့လည်း ဆန္ဒဆက်ပြနေရမှာဆိုတော့ ခွင့်မဲ့ ၃ရက်ဆို အော်တို အလုပ်ပြုတ်ဖြုတ်မယ်ပေါ့”ဟု ဆန္ဒပြအလုပ်သမား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Adidas တံဆိပ်ဖိနပ်များကို အဓိက ထုတ်လုပ်နေခြင်းဖြစ်ကာ ၂၀၁၄ ခုနှစ်ဝန်းကျင် အချိန်ကတည်းက စက်ရုံ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



