25.6 C
Yangon

ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးတစ်ဦး သို့မဟုတ် မြန်မာစစ်တပ်ကို နှစ် ၃၀ ကျော် ထောက်ပံ့နေသည့် မလေးရှားသူဌေး ရောဘတ်ကော့ခ်

Must read

ရန်ကုန်၊ မေ ၁၅

မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သူ ရောဘတ်ကော့ခ်သည် ကော့ခ်စီးပွားရေးလုပ်ငန်းစုနှင့် ရှန်းဂရီလာဟိုတယ်လုပ်ငန်းစုတို့ကို တည်ထောင်လုပ်ကိုင်နေသူဖြစ်သည်။

ရောဘတ်ကော့ခ်သည် ကမ္ဘာ့အချမ်းသာဆုံးလူနေရပ်ကွက်တွင် အိမ်ဂေဟာကြီးတစ်ခုကို ပိုင်ဆိုင်ထားသည်သာမက ကမ္ဘာ့တန်ဖိုးအကြီးဆုံးဟုဆိုနိုင်သည့် အပျော်စီးသင်္ဘော the History Supreme ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံရှိ အဆိုပါသင်္ဘောကြီးအား အတွင်းပိုင်းတွင် ရွှေနှင့် ပလက်တီနမ်တို့ဖြင့် အလှဆင်ထားပြီး၊ အိပ်ခန်းကျယ်ကြီး၏ နံရံပေါ်တွင် တီရပ် (ဒိုင်နိုဆော) အရိုးစုကို ချိတ်ဆွဲထားသည်ဟုလည်း ဆိုကြသည်။

ထိုသို့ များပြားလှသည့် စည်းစိမ်များကို ပိုင်ဆိုင်ထားသည့် သူဌေးကြီး ရောဘတ်ကော့ခ်သည် မြန်မာအကြမ်းဖက်စစ်အုပ်စုနှင့် နှစ်ပေါင်း ၃၀ ကျော်ကြာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အထူးသဖြင့် Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သော မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ကူညီနေသည့် “အသက် ၃၀ အထက် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများ” စာရင်းတွင် ရောဘတ်ကော့ခ်က ထိပ်ဆုံးက ပါဝင်နေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၈၈ အရေးတော်ပုံအပြီး တဖန်ပြန်လည်ဖြစ်ပွားခဲ့သည့် ၉၆/၉၇ နိုင်ငံရေးလှုပ်ရှားမှု စတင်ခဲ့သည့် ၁၉၉၆ ခုနှစ်အတွင်း ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုများအား စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းနေချိန် ရောဘတ်ကော့ခ်၏ ကော့ခ်စီးပွားရေး လုပ်ငန်းစုသည် Sule Square အတွက် မြေငှားစာချုပ်ကို မြန်မာစစ်အုပ်စုနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့လည်၊ ဆူးလေဘုရားအနီး၊ မြန်မာစစ်တပ် ပိုင်ဆိုင်သော မြေပေါ်တွင် တည်ဆောက်ထားသည့် ယင်း Sule Square အား Shangri-La Asia ၏ စီမံခန့်ခွဲမှုအောက်တွင် ၂၀၁၇ ခုနှစ်အတွင်း စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။

ယင်းစီမံကိန်းမှ မြန်မာစစ်အုပ်စု ရရှိသည့် (မြေငှားခ) ပေးချေငွေအကြောင်း အသေးစိတ်ကို Shangri-La Asia နှင့် မြန်မာစစ်အုပ်စု နှစ်ဘက်လုံးက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ စိမ်းလန်းသောအပူပိုင်းသစ်ပင်များ၊ သပ္ပါယ်သော ဘုရားစေတီများနှင့် သမိုင်းဝင်ရန်ကုန်မြင်ကွင်းများကို ခံစားရရှိနိုင်သော၊ ရှန်ဂရီလာ၏ ဝဘ်ဆိုဒ်အား “ပြိုင်ဘက်ကင်း” ဟု ဖော်ပြထားပြီး အဆိုပါတန်ဖိုးကြီးနေရာအတွက် ငှားရမ်းခသည် အလွန်များပြားသည့် ပမာဏာတစ်ရပ် ဖြစ်နိုင်သည်ဟု Justice For Myanmar အဖွဲ့ကဆိုသည်။

ထို့အပြင် မလေးရှားသူဌေးကြီး ရောဘတ်ကော့ခ်သည် သူတင်မကပဲ သူ၏တူမဖြစ်သူ စင်္ကာပူနိုင်ငံအခြေစိုက် ကမ္ဘာကျော်အဆင့်မြင့်ပညာရေးအဖွဲ့ Yale-NUS ၏ အုပ်ချုပ်မှုဆိုင်ရာ ဘုတ်အဖွဲ့ဥက္ကဌလည်းဖြစ်သူ Kay Kuok Oon Kwong ကို (Sule Square ရုံးခန်းနှင့် ကုန်တိုက်ပရောဂျက်ကို စီမံနေသော) Trader Square ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ်ခန့်အပ်ထားမှုကြောင့် သူမအား Yale-NUS ဘုတ်အဖွဲ့ဥက္ကဌအဖြစ်မှ ဖြုတ်ချပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ၂၀၂၁ ခုနှစ်အတွင်းက တောင်းဆိုခဲ့ကြသေးသည်။

ရောဘတ်ကော့ခ်၏ ရှန်ဂရီလာဟော်တယ်နှင့် အပန်းဖြေစခန်းများသည် စစ်ရာဇဝတ်ကောင်များနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုများ ရှိနေသော်လည်း ရှန်ဂရီလာစီးပွားရေးလုပ်ငန်းစုသည် ဟောင်ကောင်နှင့် စင်ကာပူစတော့အိတ်ချိန်းများတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း JFM ကထောက်ပြဝေဖန်ထားသည်။

အထူးသဖြင့် ရောဘတ်ကော့ခ်၏ အိမ်ခြံမြေ လုပ်ငန်းများသည် ရာဇဝတ်မှုများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်တပ်ကို ငွေကြေးအထောက်အပံ့ ပေးရာရောက်နေသလို၊ ၎င်းစစ်အာဏာရှင်များအား “အနာဂတ်ကာလတွင် အကျိုးအမြတ်များစွာ ရရှိနိုင်သော ပိုင်ဆိုင်မှုတစ်ခု” ကို ဖန်တီးပေးရာရောက်နေသည်ဟုလည်း Justice for Myanmar က ထောက်ပြဝေဖန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article