28.8 C
Yangon

မိတ္တီလာတွင် ဆိုင်ကယ် ကယ်ရီသမား မောင်ချစ်ဝင်းကို စစ်တပ်က ဖမ်းဆီးသွားပြီး သိန်း ၅၀ ဖြင့် ရွေးယူရန် အကြောင်းကြားကာ မောင်ချစ်ဝင်း၏ အလောင်းကိုသာ မိသားစုထံသို့ ပြန်ပေး

Must read

ရန်ကုန်၊ မေ ၁၆

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီသမား မောင်ချစ်ဝင်းကို စစ်တပ်က ဖမ်းဆီးသွားပြီး သိန်း ၅၀ ဖြင့် ရွေးယူရန် မိဘများကို အကြောင်းကြားပြီးနောက် မောင်ချစ်ဝင်း၏ အလောင်းကိုသာ မိသားစုထံ ပြန်ပေးကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ကဆုန်လပြည့်နေ့ မိထ္တီလာမြို့နယ်၊ အံ့ထူးကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား အသက် ၂၃ နှစ်အရွယ် မောင်ချစ်ဝင်းကို ရွှေမြင်တင်ဘုရားရှေ့တွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၁၁ ရက်နေ့ ညပိုင်း မောင်ချစ်ဝင်းကို သိန်း ၅၀ ဖြင့် လာရွေးရန် မိဘများကို အကြောင်းကြားလာကြောင်း၊ မိဘများကလည်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်း သွားရောက် ရွေးယူရန် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ကျော်ထံသို့ အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။

မေလ ၁၂ ရက်နေ့ နံနက် ၁ နာရီအချိန် မောင်ချစ်ဝင်း၏ မိဘများထံသို့ စစ်တပ်က ဖုန်းဆက်လာပြီး ဖမ်းဆီးထားသော သားဖြစ်သူ မောင်ချစ်ဝင်း သေဆုံးသွားပြီဖြစ်၍ အလောင်းလာယူရန် အသိပေးလာကြောင်း သိရှိရသည်။

“မေလ ၁၄ ရက်နေ့မှာ သဂြိုလ်လိုက်တယ်။ မောင်ချစ်ဝင်းကို။ ဖမ်းဆီး နှိပ်စက်ပြီး သတ်ပစ်လိုက်တာ။ ပထမ သိန်း ၅၀ နဲ့ ရွေးခိုင်းလို့ မနက်ပိုင်းမှာ သွားရွေးဖို့ လုပ်နေတုန်း စစ်တပ်က အလောင်းလာယူခိုင်းတာ။ ဖုန်းဆက်တဲ့ အသံဖိုင်ကို အမှတ် ၁ ရဲစခန်းက သက်သေအဖြစ် သိမ်းယူသွားတယ်” ဟု သေဆုံးသူ၏ မိတ်ဆွေကရှင်းပြသည်။

သေဆုံးသွားသော ဆိုင်ကယ် ကယ်ရီသမား မောင်ချစ်ဝင်းကို စစ်တပ်က ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ အဓိက ဖမ်းဆီးငွေညှစ်သည့် သဘောဖြစ်ကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ဆိုသည်။

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်တွင် စစ်တပ်၊ ပြည်သူ့စစ် နှင့်ပျူစောထီးများက ပြည်သူများကို စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခြင်း၊ နှိပ်စက်ခြင်းနှင့် အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီး၍ ငွေကြေးဖြင့် ရွေးယူခိုင်းမှုများကို တောက်လျှောက်ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်နှင့်ပြည်သူ့စစ်များက မြို့အဝင်များတွင် ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်နှင့်ပြည်သူ့စစ်များက မြို့အဝင်များတွင် ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေစဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article