ရန်ကုန်၊ မေ ၂၃
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အသက် ၂၄ နှစ်အရွယ် ဟစ်ဟော့နှင့်Rap ဂီတသမား Izzel (ခ) ကိုထက်ဝေယံကို စစ်တပ်က ညသန်းခေါင်ယံအချိန် ဝင်ရောက် ဖမ်းဆီးသွားပြီး အလောင်းပြန်လာယူရန် မိသားစုကို အသိ ပေးလာကြောင်း သေဆုံးသူ ကိုထက်ဝေယံ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ကုလားကြီးခြံကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုထက်ဝေယံ(ခ) Izzel ကို စစ်တပ်က ကားဖြင့် လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၂၁ ရက်နေ့ မန္တလေးဆေးရုံကြီး၊ ရင်ခွဲရုံက ကိုထက်ဝေယံ၏ အလောင်း ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားလာကြောင်း သိရှိရသည်။
ကျန်ရစ်သူမိသားစုက မန္တလေးဆေးရုံကြီး၊ ရင်ခွဲရုံသို့ လိုက်သွားသောအခါ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများ ဖြင့် သေဆုံးနေသော ကိုထက်ဝေယံ၏ အလောင်းကို တွေ့ရှိရကြောင်း၊ မျက်နှာ၊ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက ဘာမှ ပြစ်မှုမှ ကျူးလွန်တာမရှိဘူး။ ပြစ်မှု မှတ်တမ်းလည်းမရှိပါဘူး။ အဲဒါကို အိမ်အထိ လာဖမ်းပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တာပါ။ သူ့မှာ ဇနီးနဲ့ ၂ နှစ်ခွဲ သမီးလေး ကျန်ခဲ့ပါတယ်။ အလောင်းကိုလည်း ဆေးရုံကနေတစ်ဆင့်ပဲ သဂြိုလ်ခိုင်းတယ်။ သဂြိုလ်ပြီးပါပြီ” ဟု ကိုထက်ဝေယံ၏ မိတ်ဆွေက ရှင်းလင်းပြောဆိုသည်။
စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု ခံလိုက်ရသော ကိုထက်ဝေယံ(ခ) Izzel အေးဆေးစွာ နေတတ်သော ဂီတသမားတစ်ဦးဖြစ်ပြီး ဝါသနာပါရာ DJ ၊ ဟစ်ဟော့နှင့် Rap ဂီတကို တစ်စိုက်မတ်မတ်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


