ရန်ကုန်၊ မေ ၂၅
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ရန်ကင်းစံရာကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျခဲ့၍ နေအိမ် ၁၀ လုံး မြစ်ထဲ မျှောပါ သွားပြီး မြစ်ရေ စီးသန်နေ၍ ကမ်းပါး ဆက်လက်ပြိုကျနိုင်သည့် အန္တရာယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလ ၂၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်တွင် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြစ်ကမ်းပါး ဆက်လက် ပြိုကျပါက စိုးရိမ်ရ၍ ရွှေ့ပြောင်းနေရသည့် အိမ်ခြေ ၃၀ ကျော်လောက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ ညောင်းတုန်းမြို့အတွင်း မိုးကောင်းနေသည့်အပြင် မြစ် ကမ်းပါး ပြိုကျမှုများရှိသည့်အတွက် ကူညီမှုများ လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။
လက်ရှိတွင် မြစ်ရေစီးသန်နေပြီး ကမ်းပါး ဆက်လက်ပြိုကျနိုင်သည့်အတွက် မြစ်ကမ်းထိန်းရန် လိုအပ်သည်များကို ပရဟိတအဖွဲ့များက လုပ်ဆောင်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




