ရန်ကုန်၊ မေ ၂၆
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ယနေ့ စတင်မည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးက ထိပ်တန်းအဖြစ်ပါဝင်ပြီး စစ်ကောင်စီဘက်မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ကာ စစ်တပ်၏ အဆင့်နိမ့်ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများအရ သိရှိရသည်။
မလေးရှားနိုင်ငံတွင် ယနေ့ တနင်္လာနေ့ ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများတွင် အမေရိကန်၏ တိုးမြှင့်သောအကောက်ခွန်၊ မြန်မာ့အရေး နှင့် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးကလည်း ထိပ်တန်း ဦးစားပေး အဖြစ် ပါဝင်ကြောင်း သိရှိရသည်။
“ပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် ၂ ရက်ကြာ ပြုလုပ်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်
အဖွဲ့ ဝင် ၁၀ နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေး၏ အလှည့်ကျသဘာပတိအဖြစ် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ထိပ်သီးစည်းဝေးပွဲမတိုင်မီ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါက အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်းစီးပွားရေး အကျိုးစီးပွားများ မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစ ပျိုးမှုများကို မြှင့်တင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
အာဆီယံအနေဖြင့် ၎င်း၏ငွေကြေးရန်ပုံငွေကို တည်ဆောက်ရန်နှင့် ဒေသတွင်းဘဏ္ဍာရေးလုံခြုံရေးကို မြှင့်တင်ရန် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးနှင့် ပဋိပက္ခဖြစ်နေသော သက်ဆိုင်သူများအကြား စေ့စပ်ညှိနှိုင်းရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောင်ကျော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့အရေး ဆွေးနွေးမှုများတွင် အကြမ်းဖက်မှုရပ်တန့်ရေး၊ အားလုံးပါဝင်နိုင်သည့် ဆွေးနွေးမှုစတင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတွင် မြင်သာထင်သာရှိသောတိုးတက်မှုမရှိခြင်းအပေါ် လက်ရှိထိတွေ့ဆက်ဆံမှုမူဘောင်၏ ထိရောက်မှုနှင့် ကန့်သတ်ချက်များကို အာရုံစိုက်ဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံခေါင်းဆောင်များကို မင်းအောင်လှိုင် သွားရောက်တွေ့ဆုံပြီး အခြေအနေကို ရှင်းပြခဲ့သော်လည်း အာဆီယံက မင်းအောင်လှိုင်ကို အသိအမှတ်မပြုဘဲ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
