ရန်ကုန်၊ မေ ၂၈
မန္တလေးတိုင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၄ လမ်း ၊ ၃၉ လမ်း x ၄၀ လမ်းကြားရှိ ငလျင်ဒဏ်ထိ၍ ပြိုကျထားသည့် ၄ ထပ်အဆောက်အအုံသည် ထပ်မံပြိုကျသွားခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ၄ ထပ်အဆောက်အအုံ ထပ်မံပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံ ပြိုကျမှုကြောင့် အမျိုးသား ၁ ဦး ခြေထောက်ပွန်းပြဲ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဒီရက်ပိုင်းမိုးတွေ ဆက်တိုက်ရွာတယ်။ အဲဒါကြောင့် ပြိုတာလို့ ထင်တယ်။ အိမ်ရှင်တွေကလည်း အပြီးသတ် မဖြိုနိုင်သေးတော့ ပြိုတဲ့အတိုင်းထားရာကနေ ဒီနေ့ ထပ်ပြိုတာ။ မန္တလေးမှာ အဲဒီလို မဖြိုနိုင်လို့ ယိုင်နဲ့နဲ့ ထားရတဲ့ တိုက်တွေ အများကြီးပဲ။ ဒီမိုးတွင်းထဲ ဝင်ပြီးဆိုရင် အဲဒီလိုတွေ တစ်ခုပြီး တစ်ခုပြိုမှာ စိုးရိမ်ရတယ်။ အဓိက လူတွေ ထိခိုက်မှာ စိုးရိမ်ရတဲ့အခြေအနေပါပဲ” ဟု မန္တ လေးမှ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးတွင် ငလျင်ဒဏ်သင့် အိမ်ပိုင်ရှင်များက ပြိုကျလုလု အဆောက်အအုံများ ဖြိုဖျက်ပေးရန် မန္တလေးစည်ပင်သို့ လျှောက် ထားသော်လည်း အနည်းဆုံး ၃ လ ခန့် စောင့်ရမည်ဟုဆိုကာ ငွေကြေးပေးနိုင်သူများကိုသာ စည်ပင် က ဦးစားပေး အဆောက် အအုံ ဖြိုဖျက်ပေးနေကြောင်း မန္တလေးဒေသမှ ပြည်သူတချို့က ဆိုသည်။
မန္တလေးမြို့တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားကြီး ငလျင်ကြောင့် ပြည်သူများ ထိခိုက်သေဆုံးများ များခဲ့ရသလို ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရသည်။
ဓာတ်ပုံ – ပေးပို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


