ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့တွင် မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် ပြိုကျပျက်စီးနေသော ဂါတ်တန်းဗလီကို ပြင်ဆင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက အဓမ္မချိတ်ပိတ်လိုက်ကြောင်း စစ်ကိုင်းမြို့ အစ္စလမ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
မေလလယ်ပိုင်းတွင် စစ်ကောင်စီက ငလျင်ကြောင့် ပြိုကျပျက်စီးနေသော စစ်ကိုင်း၊ ဂါတ်တန်းဗလီကို ၃ ရက်အတွင်း ဖယ်ရှားပေးရမည်ဟု အမိန့်ထုတ်လာပြီး မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် အဓမ္မချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းမြို့မှ အစ္စလမ်ဘာသာဝင်များ၏ ဝတ်ပြု ကိုးကွယ်ရာ ဂါတ်တန်း ဗလီကျောင်းတော်သည် ရဲစခန်းဝင်းအတွင်း တည်ရှိခြင်းဖြစ်ပြီး စစ်ကိုင်းမြို့မရဲစခန်းနှင့် ကပ်လျက်ရှိနေသော ယင်းဗလီမှာ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိနေပြီဖြစ်ကြောင်း၊ ဗလီမြေနှင့် ရဲစခန်းမြေ ၂ ခုစလုံးကို ကိုလိုနီခေတ် ဗြိတိသျှအိန္ဒိယဘုရင်ခံ၏ ဆုတံဆိပ် ရရှိခဲ့သူ Major Rahim Baksh က အလှူတစ်ဦးတည်းအနေဖြင့် ၁၉၀၂ ခုနှစ်တွင် ဝယ်ယူလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ မြေပိုင်ဆိုင်မှုမှာ အလှူရှင်တစ်ဦးတည်းက တစ်ဆက်တည်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဗလီကျောင်းတော်ကြီးမှာ ပြိုကျပျက်စီးခဲ့ရပြီး ဗလီကို ပြင်ဆင်ရန် ကြိုးပမ်းနေချိန် စစ်ကောင်စီက အဓမ္မချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းဂါတ်တန်းဗလီကို ဖယ်ရှားရန် အမိန့်ကို ပယ်ဖျက်ပေးရန် အစ္စလမ်အသိုင်းအ၀ိုင်းက နေပြည်တော်အထိ စာတင်ပြခဲ့သော်လည်း မြေပိုင်ဆိုင်မှုနှင့်အထောက်အထား ခိုင်မာသည့်ကြားမှာ စစ်ကောင်စီက အဓမ္မချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း၊ ငလျင်ကြောင့် ပြိုကျနေသော ဗလီကို ပြင်ခွင့်မပေးဘဲ စစ်တပ်က ချိတ်ပိတ် သိမ်းယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးများတွင် ဗလီကျောင်းတော် ၅၀ ကျော်ပြိုကျပျက်စီးခဲ့ပြီး စစ်ကောင်စီက ပြန်လည် ဆောက်လုပ်ခွင့်၊ ဖြိုဖျက်ခွင့်များကို အထူးတင်းကျပ် စိစစ်နေကြောင်း၊ သို့ရာတွင် စစ်ကိုင်းမြို့မှ ဂါတ်တန်း ဗလီကိုမူ ပြင်ဆင်ခွင့်ပင် မပေးတော့ဘဲ အပြီးသတ် ချိတ်ပိတ် သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားထားကြောင်း၊ စစ်ကိုင်း ဂါတ်တန်း ဗလီကိုမူ ပြဿနာတစ်စုံတစ်ရာမရှိဘဲ မြေပိုင်ဆိုင်မှု အထောက်အထားများ အခိုင်အမာ ရှိသည့်ကြားမှ သိမ်းယူသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




