ရန်ကုန်၊ မေ ၃၀
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မော်ခီးတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး ယနေ့ တစ်မနက်တည်း ဘုရင့်နောင်စခန်းနှင့်မော်ခီးစခန်းတို့ကို ဆက်တိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် မြ၀တီမြို့နယ်အတွင်းရှိ အမြင့်ဆုံး တောင်ကုန်းပေါ်တွင်ရှိသော ဘုရင့်နောင် စစ်တပ်စခန်းကိုလည်းကောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် မော်ခီးစစ်ကောင်စီတပ်စခန်းကိုလည်းကောင်း အသီးသီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်း ၂ ခုလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“မော်ခီးရော ဘုရင့်နောင်စခန်းကုန်းရော စခတွေ အကုန်ထွက်ပြေးတာလို့ သိရတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနဲ့ စခ သေဆုံးမှု၊ အရှင်ဖမ်းဆီးရရှိမှု အခြေအနေ မသိရသေးဘူး” ဟု PDF စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း KNLA က သိမ်းပိုက်လိုက်သည့် မော်ခီးစစ်တပ်စခန်းသည် ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့သော စခန်းဖြစ်ကြောင်း၊ ယခုအကြိမ် KNLA တပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် KNLA ၊ KNDO ပူးပေါင်းတပ်များက ဝေါ်လေဗျူဟာစစ်စခန်းအနီးရှိ အမြင့်မားဆုံးတောင်ကုန်းတွင် တည်ရှိနေသော ဘုရင့်နောင်ကုန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါစခန်းကုန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊အဆိုပါ ဘုရင့်နောင်တပ်စခန်းကို KNLA က ဆယ်စုနှစ်ချီ၍ ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း တစ်ကြိမ်မှ မသိမ်းပိုက်ခဲ့ဖူးကြောင်း၊ ယခု သိမ်းပိုက်ရရှိမှုမှာ ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည့်အပြင် နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ၂၀၂၂ ခုနှစ် မတ်လအတွင်း KNLA က ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့သော မော်ခီးစစ်ကောင်စီတပ်စခန်း။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
