ရန်ကုန်၊ မေ ၃၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့ ကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကုန်းရွာနှင့် အနီးတစ်ဝိုက်တွင် ရှိနေသော ပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ နေအိမ် မီးလောင်ဆုံးရှုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ခုက ကုန်းရွာထဲမှာ စစ်ခွေးတွေက တပ်ဖြန့်ထားလို့ ပြည်သူတွေ ထွက်လို့ ဝင်လို့ မရဖြစ်နေတာ စစ်ခွေး အင်အားကတော့ များတယ်လို့ သိရတယ် အရေအတွက် အတိအကျတော့ မသိရသေးဘူး။ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာတွေရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကုန်းရွာအနီး တစ်ဝိုက်တွင်ရှိနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
