ရန်ကုန်၊ မေ ၃၀
“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးဓာတ်ခွဲခန်းများရှိနေသော သက်သေများ ရှိကြောင်း ၊UWSA ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာနေခြင်းဖြစ်ပြီး မြန်မာအနေဖြင့် အရေးယူဆောင်ရွက်မှုမရှိပါက နိုင်ငံတကာအနေဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဆိုသည်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ပြောဆိုချက်ကို ငြင်းဆိုထားပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သက်သေအထောက်အထားမရှိကြောင်း၊ UWSA အနေဖြင့် မူးယစ်ဆေးဝါးကို တိုက်ဖျက်နေပြီး မူးယစ်ကုန်သည်များက ၀ နယ်မြေကို ဖြတ်သန်းသွားမှုများရှိနိုင်ကြောင်း၊ ယင်းမှာ UWSA ၏ ပါဝင်ပတ်သက်မှု မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကမူ ၎င်းထံတွင် သက်သေ ဓာတ်ပုံများ ရှိနေပြီး မြန်မာစစ်တပ်နှင့် တရုတ်အစိုးရကို အကူအညီတောင်းမည်ဖြစ်ကြောင်း၊ အကယ်၍ မြန်မာစစ်တပ်နှင့် တရုတ်အစိုးရက အရေးမယူလျှင် ထိုင်းနိုင်ငံက ကိုင်တွယ်ရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မေလ ၂၇ ရက်နေ့တွင် UWSA က မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အထောက်အထားနှင့် သက်သေများကိုမူ ထုတ်ပြနိုင်ခြင်းမရှိပေ။
သတင်း- Thai Enquirer ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
