25 C
Yangon

မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက်ကျော်လွန်သွားပြီး ၁ ပေခွဲခန့် မြင့်တက်မည်ဟု မိုး/လဇသတိပေး၊ ရေဘေးဒုက္ခသည်အများအပြားရှိနေပြီး ကယ်ဆယ်ရေး မလုံလောက်

Must read

ရန်ကုန်၊ ဇွန် ၂

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက်ကျော်လွန်သွားပြီး စိုးရိမ်ရေအမှတ် အထက် ၁ ပေခွဲခန့် မြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လဇသတိပေးချက် ထုတ်ပြန်သည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၂၀၀ အထက်သို့ ၂ လက်မခန့် မြင့်တက်နေပြီး လာမည့် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်ကြောင်း၊ ဧရာ၀တီမြစ်ရေ မြင့်တက်သည့်အတွက် မြစ်ကြီးနားမြို့ရှိ အနိမ်ပိုင်းရပ်ကွက်များအားလုံး ရေကြီးနစ်မြုပ်သွားကြောင်း၊ ရေဘေးဒုက္ခသည်များစွာရှိနေသော်လည်း ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေး စခန်း လုံလောက်မှု မရှိကြောင်း သိရှိရသည်။

လတ်တလော ဧရာ၀တီမြစ်ရေ မြင့်တက်မှုကြောင့် အလယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်တည်၊ ဂျာမိုင်းဂေါင်း အပါအဝင် ရပ်ကွက်ပေါင်း ၇ ခုခန့် ရေဘေးဒုက္ခရောက်နေရကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းမွန်သူများပါ ရေဘေးသင့်နေပြီး ကယ်ဆယ်ရေး အလုံအလောက်မရှိကြောင်း မြစ်ကြီးနားမြို့အ ခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသော ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မနေ့ညကတော့ မြစ်ရေက စိုးရိမ်ရေအမှတ် ၁၁၀၀ ကျော်လောက်မှာရပ်နေတာ၊ အခုဒီနေ့မနက်မှာတော့ ၁၂၀၀ စိုးရိမ်ရေမှတ် ကျော် ရောက်ရှိခဲ့ပြီ။ မနေ့ညကရေမဝင်တဲ့ရပ်ကွက်တွေအခုမှမနက်တော့အကုန်ဝင်သွားပြီ။ တချို့ရပ်ကွက် ထဲမှာရှိတဲ့ လူနာတွေလည်းပါတယ်၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ သူတို့ကိုတော့ ကယ်ပြီး ဆေး ရုံပို့ရတာရှိတယ်။ သူတို့သွားချင်တဲ့နေရာပို့ရတာရှိတယ်။ လောလောဆယ်က ကယ်ဆယ်ရေးစခန်းတွေမရှိသေးဘူး။ အခုအရေးပေါ်အကူအညီနဲ့ပတ်သက်လို့ ကျနော်တို့က အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့အတွက် စက်သုံးဆီတွေလိုအပ်တယ်၊ ပြီးရင် ကယ်ဆယ်ရေးသမားအတွက်စားနပ်ရိက္ခာတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကတော့ ရေဘေးရှောင်တဲ့ ပြည်သူတွေနေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့ပေါ့၊ အဲဒါတွေလိုချက်ရှိတယ်။ ပြည်သူတွေကိုတခြားပြောချင်တာက မိုးကလည်းအထက်မှာ ကြီးနေသေးတယ်ဆိုတော့ ဂရုစိုက်စေချင်တယ်၊ တချို့ရပ်ကွက်တွေက ရေမဝင်လောက်ဘူး။ ရေမကြီးလောက်ဘူးဆိုပြီး ပေါ့ပေါ့နေကြတာတွေရှိတယ်။ အဲလိုနေရာတွေထဲ ညပိုင်းတကယ်ရေဝင် လာခဲ့အချိန်ကျတော့ အဲဒီကျန်ခဲ့အိမ်တွေ ပြန်လိုက်ထုတ်ရတာ၊ အဲဒါက ကျနော်တို့အတွက် ပိုပြီးတော့ ဝန်ကြီးနေတာ” ဟု မြစ်ကြီးနားမြို့ အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ ရေဘေးသင့်နေသူ ၁၀၀၀ ပတ်ဝန်းကျင်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း၊ စစ်ကောင်စီဘက်ကမူ နယ်မြေအုပ်ချုပ်ရေးပိုင်းကလွဲ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကူညီမှု မရှိသေးကြောင်း သိရှိရသည်။

“လက်ရှိပြည်နယ်စကစဘက်ကတော့ ဝင်ပါတာမရှိသေးဘူး။ လက်ရှိထွေအုပ်ပိုင်းနဲ့ အုပ်ချုပ်ရေးမှူးပိုင်းလောက်ပဲပါတယ်။ သန္ဓေမီးသတ်ရယ်၊ အရံမီးသတ်ရယ်။ အပြင်ပရဟိတအဖွဲ့အစည်းတွေရယ်အဲလောက်ပဲ ပါတယ်။ ရေက ဒီထက်တက်လာရင်တော့ ပိုပြီး ဒုက္ခများနိုင်တယ်” ဟု မြစ်ကြီးနားမှ ကယ်ဆယ်ရေး ပရဟိတသမားက ဆိုသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီး ပြည်သူများအနေဖြင့် ရေကြီးမှုများ ကြုံတွေ့လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article