25 C
Yangon

မကွေးအကျဉ်းထောင်ကို PDF များ တိုက်ခိုက်မှု အပြီး ထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာနဝန်ထမ်း ၂၆ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၂

မကွေးအကျဉ်းထောင်ကို PDF တပ်ဖွဲ့တချို့က လာရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကျဉ်းထောင်မှထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာနဝန်ထမ်း ၂၆ ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ထောင်သတင်းရင်းမြစ်များက ပြောဆိုသည်။

ယခုနှစ် ဧပြီလ ၁၃ ရက်နေ့ ညပိုင်း မကွေးမြို့၊ မကွေး-ရေနံချောင်းလမ်းမဘေးရှိ မကွေးဗဟိုအကျဉ်းထောင် (ခ) ဒေါင်းနေအကျဉ်း ထောင်နှင့် မျက်နှာချင်းဆိုင်ရှိ အမှတ် ၂၅ ရဲတပ်ရင်းကို ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နှင့်မဟာမိတ်ပူး ပေါင်း တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်တပ်ထောက်လှမ်းရေးက အကျဉ်းထောင်အတွင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ ထောင်ပိုင်နှင့်အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂၆ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် အကျဉ်း ထောင်အတွင်းသို့ တားမြစ်ပစ္စည်းများ သွင်းမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မကွေးထောင်ပိုင်အပါအဝင် ဝန်ထမ်း ၂၆ ဦး စစ်ဆေးအရေးယူခံနေရပါတယ်။ စစ်တပ်က မကွေးထောင် အပစ်ခံရပြီးနောက် ထောက်လှမ်းရေးနဲ့ ဝင်စစ်ရင်း အကျဥ်းသားတွေအတွက် ကန့်သတ် ပစ္စည်းတွေ မသိအောင် လာဘ်ယူ သွင်းပေးမှုနဲ့ အဖမ်းခံရတာ။ ထောင်ပိုင်က ရောက်တာ မကြာသေးဘူး။ လပိုင်းပဲရှိသေးတယ်။

အင်းစိန်ထောင်က ပြောင်းလာတယ်လို့ သိရတယ် ။ ဒီလ ၆ ရက်နေ့ ထောင်ပိုင်နဲ့ ဝန်ထမ်း ၂၆ ဦးကို အမိန့်ချမယ်။

အကျဉ်းထောင် ဥပဒေ ပုဒ်မ ၄၂ (က)နဲ့စွဲတာ” ဟု အကျဉ်းထောင်သတင်းရင်းမြစ်က ရှင်းပြသည်။

မကွေးအကျဉ်းထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်ဝင်စာများ စိစစ်ခြင်း၊ ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ တိုက်ပိတ် ထားကြောင်း၊ ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့် ဦး (ခ) ပါလေးနှင့် NLD ပါတီမှ မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်တို့မှာ စစ်တပ်က နှိပ်စက်ညှဉ်းပန်းခဲ့သဖြင့် အသက်အန္တရယ်စိုးရိမ်ရသည်အထိ အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ၏ ညှင်းပန်းနှိပ်စက်ခံနေရသော ဗိဿနိုး PDF ခေါင်းဆောင် ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးသည် ထောင်ဒဏ် ၂၀၃ နှစ်ကျခံထားရပြီး ဦးကိုကိုလှိုင်သည် ထောင်ဒဏ် ၁၇၃ နှစ်ကျခံထားရကြောင်း ၊မကွေးဗဟိုအကျဉ်းထောင် (ခ)ဒေါင်းနေအကျဉ်းထောင် တွင် NLD ပါတီဝင် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက် တာ အောင်မိုးညို ၊ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ တို့လည်း ထိန်းသိမ်းခံထားရကြောင်း သိရသည်။

“အကျဥ်းသားတွေက မကွေးထောင် အပစ်ခံပြီးကတည်းက အခုချိန်အထိ ဧည့်တွေ့ မရတော့ဘူး။ ထောင်ဝင်စာပို့ရင်လည်း အသားဟင်း ၁မျိုး၊ အသီးအရွက်ဟင်း ၁မျိုး၊ စားစရာ အသီးအနှံ ၁မျိုးပဲ ။ ကျန်ပစ္စည်း နည်းနည်းပဲ ပို့ရတော့တယ်။ အကျဥ်းသားတွေက အခက်အခဲ အများကြီးဖြစ်နေရပြီ” ဟု အကျဉ်းသားမိသားစုဝင်တစ်ဦးက ရှင်းပြသည်။

ဧပြီလ ၁၃ ရက်နေ့ မကွေးအကျဉ်းထောင် တိုက်ခိုက်ခံရစဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံးခဲ့ရပြီး စစ်တပ်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ညှဉ်းပန်းနှိပ်စက် တိုက်ပိတ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – မကွေးအကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ တရားသူကြီးများ က ဝင်ရောက်စစ်ဆေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article