ရန်ကုန်၊ ဇွန် ၂
မြန်မာ့အရေး အရေးယူဖြေရှင်းဆောင်ရွက်ရန် ထပ်မံကျရှုံးခဲ့သော အာဆီယံအဖွဲ့ကို စစ်ကောင်စီက အရပ်သားပြည်သူများကို ဗုံးကျဲသတ်ဖြတ်ပြခြင်းဖြင့် လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) က ဝေဖန်လိုက်သည်။
မေလ ၂၆ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေးကို အရေးယူ ဖြေရှင်းရန် ထပ်မံကျရှုံးခဲ့ကြောင်း၊
အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံအရေးတွင် အဓိပ္ပာယ်ပြည့်ဝသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အခွင့်အရေးကို နောက်တစ်ကြိမ် လွဲချော်စေခဲ့ကြောင်း၊ အာဆီယံခေါင်းဆောင်များသည် အနှစ်သာရမရှိဘဲ ထပ်တလဲလဲပြောဆိုနေကျစကားများမှ မကျော်လွှားနိုင်ခဲ့သည့်အပြင်၊ အာဆီယံ၏ ၄ နှစ်တာကျရှုံးမှုများကို ပို၍ပင်ဆိုးရွားစေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က သတင်းထုတ်ပြန်သည်။
“အာဆီယံက အသုံးမ၀င်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကိုသာ ဆက်လက်ကိုင်စွဲနေခြင်းက ရာစုနှစ်တဝက်အတွင်း အကြီးမားဆုံးဖြစ်သော ဒေသဆိုင်ရာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေး တကြီးဆောင်ရွက်ရန် လိုအပ်မှု၊ ကတိကဝတ်ထားရှိမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ အလွန်အမင်း ကင်းမဲ့နေကြောင်း ပြသနေတယ်” ဟု SAC-M မှ Marzuki Darusman က ပြောကြားသည်။
မေလ ၂၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကွာလာလမ်ပူတွင် တွေ့ဆုံဆွေးနွေးနေစဉ်၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုကို မြန်မာစစ်အုပ်စုက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ သတို့သမီးနှင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုသည် ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးသူငယ် ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးကာ အခြားအရပ်သား ၁၀၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပြီး ၂ ပတ်မပြည့်မီတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်အုပ်စု၏ အခြားလုပ်ရပ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြနေသည့်တိုင် အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်အသစ်တွင် စစ်အုပ်စု၏ လက်တွေ့ရှိမနေသော အပစ်အခတ်ရပ်စဲရေးကို အသိအမှတ်ပြုထားကြောင်း ၊ လက်တွေ့မကျသော စစ်တပ်၏ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် တိုးချဲ့ကျင့်သုံးရန်ပင်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
အာဆီယံခေါင်းဆောင်များက စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်ရေးကြိုးပမ်းမှုများနှင့် တစ်တန်းတည်းထားကာ မှားယွင်းစွာ ရှုမြင်သုံးသပ်နေဆဲဖြစ်ကြောင်း SAC-M က ဝေဖန်သည်။
SAC-M မှ Yanghee Lee က “စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အရပ်သားပြည်သူများအပေါ် မရပ်မနား ပြုလုပ်နေသောတိုက်ခိုက်မှုများမှာ စစ်အုပ်စုသည် အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် အကောင် အထည်ဖော်ခဲ့သည် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် တစုံတရာရှိနေသည်ဟူသော အာဆီယံ၏အဆိုများကို ရွံရှာဖွယ်ရာ လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေတယ်” ဟု သုံးသပ်သည်။
အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါအနေဖြင့် အသုံးမဝင်သော ဘုံသဘောတူညီချက် ငါးချက်နေရာကို အစားထိုးရမည်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်သစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ လူနည်းစုကိုယ်စားပြုကိုယ်စားလှယ်များနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့ အစည်းတို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းကိုလည်း ဦးစားပေးရမည် ဖြစ်ကြောင်း SAC-M က အကြံပြု သည်။
“ အာဆီယံအနေဖြင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အမှန်တကယ်ရပ်တန့်လိုပါက၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ဝင်ရောက်စွက်ဖက်ရန် ချက်ချင်းတောင်းဆိုသင့်တယ်။ ဒါ့အပြင် စစ်အုပ်စုက လိုက်နာမှုရှိစေရန် နိုင်ငံတကာလေ့လာသူများဖြင့် မြန်မာနိုင်ငံတဝန်းလုံးတွင် အပစ်အခတ်ရပ်စဲရေးတစ်ရပ် ချမှတ်ပေးရန်လည်း တောင်းဆိုသင့်တယ်” ဟု SAC-M မှ Chris Sidoti က ထပ်လောင်းပြောကြားသည်။
စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်အပြီး အပစ်အခတ်ရပ်စဲရေး မကြာခဏ ကြေညာထားသော် လည်း လေကြောင်းတိုက်ခိုက်မှုများ၊ စစ် ကြောင်း ထိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၅၀၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ ၄၃၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ ၊ လူ့အခွင့် အရေး ဆိုင် ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Photo – Nikkei Asia ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
