ရန်ကုန်၊ဇွန် ၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် ပန်ရပ် ကျေးရွာရှိ ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ပန်ရပ်ကျေးရွာအတွင်းရှိ နေအိမ်စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကိုယ်ထူကိုယ်ထကျောင်းပါ။ လွန်ခဲ့တဲ့ရက်တွေက စာသင်ကျောင်းမှာပဲ စာသင်နေတာပါ။ ဒါပေမယ့် လေယာဥ်ကြောက်လို့ နေအိမ်ကိုရွှေ့ပြီး စာသင်နေတုန်း လေယာဉ်နဲ့ ဗုံးလာကျဲပြီး လာဆော်သွားတာ။ စာသင်တဲ့ အိမ်ကိုပဲ ဗုံးတည့်တည့်လာချတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




