27 C
Yangon

ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် AA ပါဝင်ရန် အရေးကြီး ဟု အမေရိကန်က ကုလသမဂ္ဂတွင် ထုတ်ပြောလာ

Must read

ရန်ကုန်၊ ဇွန် ၁၁

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည်များ အားလုံး နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် AA အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင် ဆွေးနွေးရန် အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဇွန်လ ၁၀ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop ၏ ရှင်းလင်းတင်ပြချက်ကို ကြားနာသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် အမေရိကန်သံတမန် Jonathan Shrierက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးဆွေးနွေးပွဲများတွင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် ရက္ခိုင့်တပ်မတော် အပါအဝင် ပါဝင်ပတ်သက်သူများအားလုံး ပါဝင်ကြရန် အရေးကြီးကြောင်း၊အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုများကို ခံစားနေကြရသည့် ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အတင်းအဓမ္မ ပြောင်းရွှေ့စေမှုများ ၊ ရက်စက်ကြမ်းကြုတ်မှုများ အစီရင်ခံစာများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း၊ မြန်မာစစ်တပ်၊ AA အပါအဝင် သက်ဆိုင်သူများအားလုံးကို အရပ်သားများကို ကာကွယ်ရန်နှင့် လူ့အသက်များကို တန်ဖိုးထားရန် အမေရိကန်က တိုက်တွန်းသည်

ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သော မြန်မာစစ်တပ်က တာဝန်ခံမှု၊ တာဝန်ယူမှ လွတ်မြောက်နေဆဲဖြစ်ပြီး စစ်တပ်က ရိုဟင်ဂျာများကို ဆက်လက်ဖိနှိပ်နေကြောင်း၊ ပြည်သူများကို ဗုံးကျဲခြင်း၊ ကျောင်းများနှင့် ဝတ်ပြုရာအိမ်များကို ဗုါ်ကျဲခြင်း၊ ရိုဟင်ဂျာများကို စစ်ထဲသို့ အတင်းအကျပ် သွပ်သွင်းတိုက်ခိုက်စစ်မှုထမ်းခိုင်းနေကြောင်း အမေရိကန်က ထောက်ပြသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားခြင်းကြောင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းများကို ဆက်လက် ထိခိုက်စေပြီး မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ဖုံးကွယ်နေကြောင်း၊ တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးအားလုံးကို ပြန်လည်ဖွင့်ပေးရန် မြန်မာစစ်တပ်ကို တောင်းဆိုကြောင်း အမေရိကန်က ဆက်လက်ပြောဆိုသည်။

“စစ်တပ်က အလွန်လိုအပ်နေတဲ့ အရေးပေါ်အကူအညီတွေ ပေးပို့မှုကို ဆက်လက်ပိတ်ဆို့ထားတာကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။ ရိုဟင်ဂျာတွေ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ဖို့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက် လိုအပ်တယ်။ မြန်မာအတိုက်အခံအဖွဲ့တွေနဲ့ ရိုဟင်ဂျာအသိုက်အဝန်း၏ အဓိပ္ပါယ်ရှိတဲ့ ပူးပေါင်းပါဝင်မှုက ဒီအဆုံးသတ်ဖြေရှင်းချက်ရရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေ၊ မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာသွားသူတွေနဲ့ တတိယနိုင်ငံတွေမှာ ပြန်လည်အခြေချနေထိုင်သူတွေ အပါအဝင် ဖြစ်နိုင်သမျှ ကျယ်ပြန့်တဲ့ ရိုဟင်ဂျာအသံတွေကို ကျနော်တို့ နားထောင်ရပါမယ်” ဟု အမေရိကန်သံတမန်Jonathan Shrierက ဆိုသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် လူ့ အသက်ကို တန်ဖိုးထားလေးစားရေး၊ ပဋိပက္ခများ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးတို့အတွက် ဆက်လက် ကူညီထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article