ရန်ကုန်၊ ဇွန် ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူတချို့၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်၁ နာရီ ၁၀ မိနစ်အချိန်တွင် ၁ ကြိမ်၊ နံနက် ၁ နာရီ ၁၇ မိနစ် အချိန်တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချသွားခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဘုန်းကြီး ကျောင်း၊ စာသင် ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တချို ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ လူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးများ လာရောက်ကျဲခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
“မန်လီရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းက ဗုံးကျဲခံရတာ အခုအခေါက်နဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။ ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာအတွင်းမှာ တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထဲမှာ တစ်ကြိမ်။ အခုနဲ့ဆိုရင် ၃ ကြိမ်ရှိပြီ။ စစ်အာဏာမသိမ်း ခင်ကလည်း စစ်တပ်က မန်လီရွာကို ဝင်ပြီး မီးရှို့ခဲ့တာကြောင့် အိုးသစ်အိမ်သစ် မထူထောင်တော့ဘဲ နယ်မြေသစ်ထွက်သွားသူလည်းများတယ်။ အခု မနက် ဗုံးကျဲတာကြောင့် ပျက်စီးမှု အသေးစိတ်တော့ အဆက် အသွယ်မရသေးလို့ မသိရသေးဘူး” ဟု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လကတည်းက မန်လီကျေးရွာမှ စစ်ဘေးရှောင်ပြီး ပြင်ဦးလွင်မြို့တွင် ရောက်ရှိနေထိုင်နေသော တအာင်းတိုင်း ရင်းသားတစ်ဦးက ရှင်းပြသည်။
နမ္မတူမြို့နယ်၊ မန်လီကျေးရွာသည် တအာင်းတိုင်းရင်းသားအများစု နေထိုင်သော ကျေးရွာတစ်ခုဖြစ်ပြီး အစဉ် အဆက် စစ်တပ် ၏ မီးရှို့ဖျက်ဆီးမှု၊ လေ ကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများကို တောက်လျှောက် ခံခဲ့ရသော ကျေးရွာတစ်ခုလည်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ယခု ဇွန်လအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်သည့်အပြင် ယနေ့နံနက်ပိုင်းတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိသော နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို ဗုံးကျဲတိုက်ခိုက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း စစ်တပ်၏ ဗုံးကျဲမှု ခံထားရသည့် မန်လီကျေးရွာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




