ရန်ကုန်၊ ဇွန် ၁၃
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့် ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာချိန် စစ်ကောင်စီက စျေးကစားသူများကို ဖမ်းဆီးအရေးယူမည်ဖြစ် ကြောင်း ကြေညာချက် ထုတ်ပြန် ခြိမ်းခြောက်လာပြန်သည်။
ဇွန်လ ၅ ရက်နေ့ ILO က စစ်ကောင်စီအပေါ် Article 33 ဖြင့် အရေးယူဒဏ် ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ဆိုးရွားသော သက်ရောက်မှုများစွာရှိလာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိလာခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့မှစတင်ပြီး ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေနှင့်ဒေါ်လာများ ကြီးမားသော ပမာဏဖြင့် ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်လာခဲ့ရာမှ စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာခဲ့ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၇၉ သိန်း ၅ သောင်းခွဲအထိ စျေးပိတ်ခဲ့ပြီး ဒေါ်လာစျေးနှုန်းမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
“ILO ဒဏ်ခတ်ပိတ်ဆို့မယ်ဆိုတဲ့သတင်းက တော်တော်ဟော့တာ။ အဲဒါသတင်းထွက်ပြီးကတည်းက ရွှေနဲ့ဒေါ်လာ စျေးကွက်မှာ အဝယ်တွေ အရမ်းကျလာတာ။ ပစ္စည်းကို ပြတ်သွားတဲ့အထိဖြစ်ကုန်တာ။ ကမ္ဘာ့ရွှေစျေးကလည်း အတက်ဘက်ရှိနေတာကလည်း အကြောင်းတစ်ခုအဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ILO ပိတ်ဆို့ အရေးယူမှု ကြုံဖူးကြတော့ စျေးကွက် တုံ့ပြန်မှုက စျေးအတက်ဘက်ရောက်စေတာပဲ။ စျေးတက်လာရင် ကုန်သည်တွေလည်း လုပ်ငန်းခဏနားပြီး ရှောင်ရတယ်။ အဖမ်းအဆီးလည်းရှိတယ်” ဟု ပြည်တွင်းရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။
ပြည်တွင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၈၀ နီးပါးသို့ မြင့်တက်လာသဖြင့် ရွှေဆိုင်များက ရွှေတုံး၊ ရွှေခဲရောင်းချခြင်းများကို ရပ်နားလိုက်ကြပြီး ပြည်တွင်း နာမည်ကျော်ထိပ်တန်း ရွှေတုံးအရောင်းအဝယ် လုပ်နေသည့် အကယ်ဒမီရွှေလုပ်ငန်းကလည်း ယနေ့ ဇွန်လ ၁၃ ရက်နေ့မှစတင်၍ လုပ်ငန်းများ ယာယီခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေရသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကလည်း လိုင်စင်မရှိဘဲ ရွှေအရောင်းအဝယ်မလုပ်ရန်၊ လိုင်စင်နှင့်လုပ်ငန်းမှတ်ပုံတင်များ လျှောက်ထားကြရန် ယမန်နေ့ ကြေညာချက်ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ် ဗဟိုဘဏ်ကလည်း USDT နှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် Facebook Page ၊ Facebook Group ၊ Viber Group နှင့် Application (ဥပမာ၊ Myanmar Market Price) များမှ လှုံ့ဆော်မှု ဆောင်ရွက်နေခြင်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့် Banking Account များအား ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များအား ပိတ်သိမ်း ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက် ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက် ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင် ဒေါ်လာဝင်ငွေရလမ်း နည်းပါးမှုကြောင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးပြီး စစ်ကောင်စီက ရွှေနှင့်ဒေါ်လာကုန်သည်များကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ကာ စျေးကွက်ကို ထိန်းချုပ်ထားလိုက်သဖြင့် အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်ကျော်ဝန်းကျင်ဖြင့် စျေးနှုန်းများ ပြန်လည် ကျဆင်းခဲ့ရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


