ရန်ကုန်၊ဇွန် ၁၃
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြန်မာကျွိချွမ်းဖိနပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး ဇွန်လ ၉ ရက်နေ့က တည်းက ဆန္ဒပြလျက်ရှိပြီး ၅ ရက်ကြာသည်အထိ တောင်းဆိုချက်များ ရရှိခြင်းနှင့် ပြေလည်ခြင်းမရှိသေးဘဲ ဆန္ဒပြ အလုပ်သမားများကို စက်ရုံက နည်းလမ်းမျိုးစုံဖြင့် အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောဆိုသည်။
၅ ရက်ကြာမြင့်လာပြီဖြစ်သော မြန်မာကျွိချွမ်းဖိနပ်စက်ရုံမှ အလုပ်သမားများ၏ တစ်ရက်လျှင် လုပ်ခလစာ ၁၃၀၀၀ ကျပ်ရရှိရေး ဆန္ဒပြမှုမှာ စက်ရုံဘက်က မလိုက်လျောသည့်အပြင် ဆန္ဒထုတ်ဖော်မှုများကို ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသည်များကို ဖျက်ရန် အတင်းအကျပ်ဖိအားပေးနေကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့တွငည်း အလုပ်သမားများက ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြောင်း၊ မူလ တောင်းဆိုထားသည့် တစ်ရက်လျှင် လုပ်အားခ ၁၃၀၀၀ ကျပ်အစား ၁၁၅၀၀ ကျပ်ရရှိရေး ဆန္ဒပြနေကြကြောင်း သိရှိရသည်။
“၁၁၅၀၀ နဲ့ လုံးဝ မရမချင်းဆက်လက်ဆန္ဒပြမယ်။ ဆန္ဒပြဦးဆောင် ယောက်ျားလေးအဖွဲ့တွေက မိန်းကလေးတွေကို ဇွဲမလျှော့ဘဲ ဆက်လက်ပါဝင်ကြဖို့ တောင်းဆိုပါတယ်။ ကြောက်ကြတဲ့ ဝန်ထမ်းတွေ ရှိသလို မကြောက်ဘဲ ဆန္ဒဆက်ပြနေကသူတွေလည်း ရှိပါတယ်”ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလုပ်သမားများသည် ဇွန်လ ၉ ရက်နေ့ကတည်းက လုပ်အားခ တိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သော် လည်း စက်ရုံဘက်က အလုပ်သမားများတောင်းဆိုသည့်အတိုင်း တိုးမပေးဘဲ အလုပ်သမားများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“သူများစက်ရုံတွေ တောင်းတာက ဒေးကြေး ၁၃၀၀၀ ၊ အိုတီကြေး ၂၅၀၀ ၊ ရက်မှန်ကြေး ၆၀၀၀၀ ဆိုပြီး တောင်းကြပေမယ့် ကျွန်တော်တို့ စက်ရုံက ဒေးကြေးတစ်ခုပဲ ဦးစားပေးတောင်းတာတောင် ပြေလည်မှု မရသေးပါဘူး။ မရမချင်း နောက်တစ်ပတ်အထိ ဆက်လက် ဆန္ဒပြမယ်” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
