ရန်ကုန်၊ ဇွန် ၂၀
ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ ထွက်ပြေးနေကြရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က တောင်ပြတ်ရွာကို မီးတင်ရှို့နေခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း သိရှိရသည်။
“မီးရှို့ပြီး ဆင်အိုင်ချောင်းပေါက်ဘက် ပြန်ဆုတ်သွားပြီ ။ စစ်သားတွေ မီးရှို့ပြီးတော့ မိုးရွာလာလို့ မီးလောင်သက် သာသွားတယ်။ အခု လိုင်းတွေ ဖျက်ထားတော့ ဘယ်လောက်ပျက်စီးသွားလဲ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ ယနေ့ နံနက် အစောပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း (DSTA အပတ်စဉ် ၇) နှင့် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းဦး (DSTA အပတ်စဉ် ၁၁ ) တို့ သေဆုံးသွားခဲ့ကြောင်း၊ မင်းလှမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးမင်းဦး ၊ ခရိုင်ရဲမှူးကြီး စိုးခိုင် နှင့် မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်။
လက်ရှိ ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ရန်ကုန်- ပြည် လမ်းပိုင်းတွင် ပြည် ဒကစ မှ သံချပ်ကာ ကားများပါ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
