ရန်ကုန်၊ ဇွန် ၂၃
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မေတ္တာနန္ဒဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ မီးဖွားပြီးစ ကလေးမိခင် ၁ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ဆေးရုံ သားဖွား မီးယပ် အဆောင် အပါအဝင် အဆောက် အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း စဉ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်အချိန် စဉ့်ကူးမြို့နယ် မေတ္တာနန္ဒ ဆေးရုံကို တံတားဦး လေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စင်းက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာမှ မီးဖွားပြီးသော အသက် ၃၀ ခန့်အရွယ် မီးဖွားပြီးစ အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၃၅ အရွယ် အမျိုးသမီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ထို့ပြင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ပြည်သူ ၁၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာ ရရှိကာ ဆေးရုံသားဖွားမီးယပ်အဆောင် အပါအဝင် အဆောက် အဦး ၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“သေဆုံးသူက ဆေးရုံကိုလာပြီး မီးဖွားပြီးတာ ၂ ရက်ပဲရှိပါသေးတယ်။ က လေး ကတော့ အသက်ရှင်ပါတယ်။ မိခင်ဖြစ်သူကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတာပေါ့။ ဆေးရုံကိုတော့ အနီးအနား တစ်ဝိုက်က မတ္တရာလာတယ်။ စဉ့်ကူးရှိမယ်။ သပိတ်ကျင်းရှိမယ်။ ပြည်သူတွေ တော်တော်များများက ဒီဆေးရုံကို အားကိုးနေရတာ ဒီဆေးရုံမှာ တော်လှန်ရေး တပ်ဖွဲ့တွေ ဆေးကုသတာ လုံးဝမရှိပါဘူး။ အဓိကကတော့ အရပ်သား ရဟန်းတွေနဲ့ ပြည်သူတွေကိုပဲ ကုသပေးတဲ့ ဆေးရုံပါ” ဟု စဉ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁ လလုံး ငလျင်ဘေးအတွက် အပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာထားသော်လည်း စဉ့်ကူးမြို့နယ်အတွင်းတွင် စစ်ကြောင်းထိုးမှုများ အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက် တိုက် လုပ်ဆောင်လျက်ရှိကြောင်း စဉ့်ကူးအခြေစိုက် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








