ရန်ကုန်၊ ဇွန် ၂၃
မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေမှာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေသည်ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ( EROs) များက အခြေခံအားဖြင့် သဘောတူညီ လက်ခံထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
The Burma Guardian မှ ဝါရင့်သတင်းထောက် ဦးခင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များ၏ စိုးမိုးဧရိယာသည် မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး စိုက်ပျိုးမွေးမြေူရေးလုပ်ငန်းများဖြင့် လည်ပတ်နေကြောင်း၊ လေကြောင်းရန်မှအပ တော်လှန်ရေးတပ်များ သွားလာနိုင်သောနေရာမှာ ကြီးမားကျယ်ပြန့်လာကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
“အခုကျနော်တို့တတွေ စိုးမိုးနေတဲ့ နယ်မြေက မလေးရှားနိုင်ငံလောက်မကတော့ဘူး ကျယ်နေပြီ။ အဲဒီ Feeling တကယ့်ကို မြေပြင်စိုးမိုးနေတာ။ အခု ကျနော်ဖြတ်သွားလိုက်ရင် လယ်ကွင်းတွေ စိုက်ခင်းပျိုးခင်းတွေ။ မစိုက်တဲ့ မပျိုးတဲ့ လယ်ကွင်းမှ မရှိတာ။ မစိုက်တဲ့ မပျိုးတဲ့နေရာဒေသမှ မရှိတာ။ နောက်မွေးမြူရေးတွေ လုပ်ငန်းတွေလည်း လုပ်နေတာ။ ပုံမှန် လည်ပတ်နေတဲ့ စိုးမိုးဒေသတစ်ခုရှိနေတယ်။ လေကြောင်းရန်မှ အပပေါ့။ ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးရတယ်။ ဒီမြေ ဒီရေ ဒေသတွေကို ငါတို့တတွေ ပိုင်စိုးနေပါလား။ ငါတို့တတွေ သွားနိုင် လာနိုင် လုပ်နိုင် ကိုင်နိုင် ပါ့လားဆိုတဲ့ အသိနဲ့ Feeling ခံစားချက်က မြေပြင်ရောက်တဲ့အချိန်မှာ ရပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
မလေးရှားနိုင်ငံသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၂၇,၇၂၄ ကျယ်ဝန်းပြီး မြန်မာနိုင်ငံမှာ ဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ ရှိသဖြင့် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံထက် ၂ ဆခန့်သေးငယ်သော နိုင်ငံတစ်ခုဖြစ်သည်။
ထို့ပြင် တော်လှန်ရေးတပ်များ စိုးမိုးနေသော နယ်မြေများကို အခြေခံ၍ အသွင်းကူးပြောင်းရေးအစိုးရ တစ်ရပ် ဖွဲ့စည်းရန် လိုအပ်သည်ဆိုသော သဘောထားကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း EROs များက နားလည်လက်ခံ သဘောတူထားကြောင်း၊ ထိုအဆင့်သို့ တက်လှမ်းရန် စစ်ရေးနှင့် နိုင်ငံရေး နောက်တစ်ဆင့် တက်ရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
“ကျနော် Informal အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသလောက် Informal ကျနော်နားလည်သလောက်တော့ အဖွဲ့အစည်းတွေ အားလုံးက တကယ်ကို အသွင်ကူးပြောင်းရေးကာလ အသွင်ကူးပြောင်းရေးအစိုးရ တစ်ခုလိုအပ်တယ်ဆိုတာ အားလုံးသဘောတူပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့အတွက်ကတော့ စစ်ရေး၊ နိုင်ငံရေး နောက်တစ်ဆင့် တက်ဖို့လိုတယ်။ နောက်တစ်ဆင့် တက်ဖို့အတွက် ကျနော်တို့က အဲဒါကို ကြိုးစားရမယ်။ ဒါကြောင့် စစ်ရေး နိုင်ငံရေး နောက်တစ်ဆင့်တက်ဖို့အတွက် အားလုံး၀ိုင်းပြီးတော့ ကြိုးစားဖို့လိုတယ်။ အားလုံးရဲ့သဘောကတော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမဖြစ်ခင်မှာ Transactional Government နဲ့ Transactional Arrangement လိုတယ်ဆိုတာကို အားလုံးက သဘောတူပါတယ်။ မလေးရှားနိုင်ငံလောက်မကတဲ့ နယ်မြေစိုးမိုးမှုရှိနေပြီ။ ၂၀၂၁ တုန်းက ဘာနယ်မြေမှ မစိုးမိုးဘူး။ ၂၀၂၅ မှာ သက်ဆိုင်ရာ ဖက်ဒရယ်ဒေသလိုက် ရခိုင်ဆိုရင် ရခိုင်မှာ သိမ်းထားတာ အများကြီးပဲ။ အလားတူပဲ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ အခုဆိုရင် ကရင်ပေါ့။ အထဲထဲမှာလည်း ပြည်မ ဒေသတွေလည်း အများကြီးပဲ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ခု လိုတယ်ဆိုတာ အားလုံး သဘောပေါက်ပါတယ်။ သဘောလည်းတူတယ်။ ဘယ်လိုသွားမလဲဆိုတာတော့ နည်းလမ်း အမျိုးမျိုးရှိမှာပေါ့။ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ အသွင်ကူးပြောင်းရေး အစိုးရ လိုတယ်ဆိုတာ အားလုံးသဘောတူပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အာဏာရှင်ကို ချေမှုန်းပြီး အသွင်ကူးပြောင်းအစိုးရ တစ်ရပ်ပေါ်ပေါက်လာရန် မြန်မာပြည်သူများ အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး စစ်ရေးနှင့်နိုင်ငံရေး နောက်တစ်ဆင့် တတ်နိုင်ရေးအတွက် ၀ိုင်းဝန်း တွန်းအားပေး ကြိုးစားကြရန် လိုအပ်ကြောင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းသည်။
“အဲဒါကို ဘယ်လိုသွားမလဲဆိုတာက ကျနော်တို့ နောက်ထပ် ရွေ့မယ့် အရွေ့။ စစ်ရေးအရ နိုင်ငံရေးအရ အရွေ့တွေအပေါ်မှာ အများကြီးမူတည်တယ်။ အဲဒီ အရွေ့တွေ ကောင်းဖို့လိုတယ် အဲဒီအရွေ့ကို ရွေ့အောင် အားလုံး၀ိုင်းပြီးတော့ တွန်းဖို့ လိုတယ်လို့ အားလုံး သဘောတူတယ်။ အားလုံးက အဲဒီလို ဆုံးဖြတ်ပြီးတော့ ကြိုးစားပြီး လုပ်နေကြတယ်လို့ ကျနော် နားလည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် ပြည်တွင်းသို့ အပြီးပြန်လာခဲ့သော ပထမဦးဆုံးသော ပြည်တော်ပြန် NUG ဝန်ကြီးတစ်ဦးလည်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
