29.5 C
Yangon

ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားသစ်များ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေပြီး သေသည်၊ ရှင်သည် မသိရဟု မိသားစုဝင်များပြော၊ စစ်တပ်ကို မေးသော်လည်း တိကျသော အဖြေမပေး

Must read

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်၊ မကွေးနှင့် စစ်ကိုင်းရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားသစ်များမှာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကာ သေသည်၊ရှင်သည် မသိရတော့ကြောင်း မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ အသက် ၂၀ နှစ်အရွယ် မောင်ကျော်မြင့်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ပန်းရံလုပ်ပြီးပြန်လာချိန် ရန်ကုန်-ဒလကမ်းကူး ဇက်ရေယာဉ် စီးနင်းရင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရချိန်က ခါးပိုက်နှိုက်အဖြစ် မသင်္ကာဟုဆိုကာ အမျိုးသား ၃ ဦးက ၀ိုင်းဝန်း ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ခံခဲ့ရကြောင်း၊ ယင်းနောက် ရန်ကုန်တိုက်ကြီး၊ ဂျိုးဖြူ အမှတ် ၁ စစ်သင်တန်းလေ့ရေးကျောင်းသို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ တက်ခဲ့ရကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ရခိုင်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခံခဲ့ရာ စစ်တွေမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှစတင်၍ မိသားစုနှင့် လုံး၀ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း၊ ယခုအခါ သေသည် ရှင်သည် မသိရသေးကြောင်း မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရခိုင်ကို ပို့မှာလည်း ကြို မသိခဲ့ရဘူး။ လေယာဉ်ပေါ်တက်ခံနီးမှ အမေ သားတို့ လေယာဉ်စီးရတော့မယ်ဆိုပြီး ဖုန်းလေး မိနစ်ပိုင်းလေး ဆက်ပြောတယ်။ လေယာဉ်ပေါ် မတက်ခင် နောက်ဆုံး အဆက်အသွယ်ရလိုက်တာ နောက်ဆုံးပဲ။ အဲဒီကတည်းက အ ဆက် အသွယ် ပြတ်သွားတာ အခုထက်ထိပဲ။ တိုက်ကြီး သင်တန်းကျောင်းကို သွားမေးတော့ သူတို့ မသိဘူးပဲ ပြောတယ်။ အခု အဆက်သွယ်မရတော့တာ ၃ လနီးပါး ရှိပါပြီ” ဟုမောင်ကျော်မြင့်၏ မိခင်ဖြစ်သူက ရှင်းပြသည်။

အလားတူ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်မှ အသက် ၃၀ ကိုနိုင်ဝင်းမောင်သည် ဇနီးနှင့်အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦးရှိပြီး မဲနှိုက် စစ်မှုထမ်းဆင့်ခေါ်ခံရသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အခြေစိုက် အမှတ် ၃ တန်းမြင့်သင်တန်းကျောင်း (ကျိုင်းတောင်) တွင် စစ်မှုထမ်း အပတ်စဉ် ၈ ပို့ဆောင်ခံခဲ့ရကြောင်း၊ သင်တန်း ဆင်းပြီးနောက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ခလရ ၂၅၁ သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ သေသည်ရှင်သည် မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရှိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ အသက် ၂၉ နှစ်အရွယ် လူပျို ကိုညီညီဦးသည် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကျပန်းစျေးရောင်းသည့် အလုပ်လုပ်ကို လုပ်ကိုင်ခဲ့ရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး ဂျိုးဖြူ အမှတ် ၁ စစ်သင်တန်းလေ့ရေးကျောင်းသို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် ၃ တက်ရောက်ခဲ့ကာ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သင်တန်းဆင်းပြီးနောက် ပို့ဆောင်ခံခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ၈ လနီးပါး ဆက်သွယ်မရတော့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာ၊ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဧရာ၀တီတိုင်းရေကြည်မြို့နယ်နှင့်ကျုံပျော်မြို့နယ်တို့မှ စစ်မှုထမ်းတပ်သားသစ်များ၏ မိဘဆွေမျိုးများကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်၍ ၎င်းတို့၏တူသားများ စစ်ထဲ ပို့ဆောင်ခံရပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သတင်းပေးပို့ကာ စစ်မှုထမ်းတပ်သားသစ်များအဖြစ်မှ အလင်းဝင်သူများနှင့်သေဆုံးသော ဓာတ်ပုံများရှိပါက အကြောင်းကြားပေးရန် အကူအညီတောင်းခံလာသည်။

အဆိုပါ ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ သက်ဆိုင်ရာ သင်တန်းကျောင်းများနှင့် တပ်ရင်းတပ်ဖွဲ့များကို မိသားစုများက ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိဘဲ မသိရှိဟုသာ ပြန်ကြားကြောင်း မိသားစုဝင်များက ဆိုကြသည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းသင်တန်းများ လစဉ်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၅ အထိ ရောက်ရှိနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article