စစ်ကောင်စီက ရန်ကုန်နှင့်ပဲခူးမြို့တို့ ကာကွယ်ရန် Mobile အရပ်တပ်ဖွဲ့များ အရေးပေါ် ဖွဲ့စည်း
ရန်ကုန်၊ ဇွန် ၂၆
ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ မြို့များပေါ်တွင်သာ အကြမ်းဖက် စစ်တပ်က စိုးမိုးနိုင်တော့ပြီး တော်လှန်ရေးတပ်များက မြို့ပြင်ပ နေရာအများစုကို ထိန်း ချုပ်ကာ ရန်ကုန်နှင့်အနီးဆုံးသို့ တရွေ့ရွေ့ ဦးတည်လာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်-မန္တလေးဟောင်းရှိ ညောင်လေးပင်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်း ၉ ခုကို တော်လှန်ရေးတပ်များက ယမန်နေ့ နံနက်ပိုင်း တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊ ယမန်နေ့ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သော စစ်တပ်စခန်းများမှာ မြို့ပေါ်မှ စခန်းများဖြစ်ပြီး အလစ်အငိုက်တိုက်ခိုက်ခဲ့ကာ စခန်းသိမ်းမှုများလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့က တိုက်ခိုက်ခဲ့တဲ့ စခန်းတွေမှာ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာစစ်စခန်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီ ဘူတာရုံ နဲ့ ရဲစခန်း၊ ကျောက်တံခါးမြို့နယ် သူဌေးကုန်းနဲ့ ဘုရားကြီးကုန်းအပြင် ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းပိုင်းပေါ်မှာလည်း တက်ပြီး ကားတွေကို လုံခြုံရေးအရ ရပ်တန့် ရှာဖွေ စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေးတပ်များက KNLA အပါအဝင် ဒေသတော်လှန်ရေးတပ်များနှင့် တိုက်ခိုက်ခဲ့ရာတွင် တော်လှန်ရေးတပ်များက ရန်ကုန်နှင့် အနီးဆုံးသို့ တဖြည်းဖြည်း ချည်းကပ်လာနေကြောင်း၊ ပြည်သူလူထု အများစုနေထိုင်သော ရန်ကုန်မြို့နှင့် မိုင် ၈၀ မှ ၁၀၀ ပတ်လည်အတွင်း တော်လှန်ရေး တပ်များက ရောက်ရှိနေကြောင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်လည်း မြို့များတွင်သာ စစ်တပ်က စိုးမိုး နိုင်တော့ဘဲ အများစုသော နယ်မြေများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။
“ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရှိတဲ့ မြို့တွေပေါ်မှာ သူတို့ရှိပါတယ်။ ကျန်တာတွေကတော့ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ စိုးမိုးထားပါတယ်။ ရန်ကုန်နဲ့ အနီးဆုံးလို့လည်း ပြောလို့ရပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ တဖြည်းဖြည်းနဲ့တော့ တရွေ့ရွေ့နဲ့တော့ ဦးတည်ရာအတိုင်း သွားနေကြပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီကလည်း ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအစပ်တွင် ခုခံစစ်များ ဆင်နွှဲရန် မူလတပ်ရင်း၊ တပ်ဖွဲ့များအပြင် အရန်တပ်များလည်း အရေးပေါ် ဖွဲ့စည်းလာကြောင်း၊ အဆိုပါ အရန်တပ်များသည်ရန်ကုန်နှင့်ပဲခူးမြို့များ၏ လုံခြုံရေးအတွက် အချိန်မရွေး ပြောင်းနိုင်၊ ရွှေ့နိုင်သော Mobile တပ်များအဖြစ် ဖွဲ့စည်းထားကြောင်း၊ ယင်းတပ်များတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို ပေါင်းစပ်ညှိနှိုင်း ဖွဲ့စည်းထားကြောင်း သိရှိရသည်။
“ရန်ကုန်နဲ့ ပဲခူးမှာ အရပ်တပ်တွေ ဖွဲ့စည်းထားတယ်။ အရန်တပ်ဆိုတာက မူလရှိရင်းစွဲ တပ်ရင်းတပ်ဖွဲ့ အပြင် ထပ်မံ ဖွဲ့စည်းထားတာပါ။ အဲဒီ အရန်တပ်တွေမှာ တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ စုပေါင်းပါဝင်ပါတယ်။ သူကတော့ Mobile သဘောဆန်တယ်။ လိုအပ်ရင် လိုအပ်သလို ရွှေ့လို့ ပြောင်းလို့ရအောင် ဖွဲ့စည်းထားတာမျိုးလို့လည်း ပြောလို့ရပါတယ်။ ဖွဲ့ခဲ့တာကတော့ ဒီနှစ်ဆန်းပိုင်းလောက်မှာ စလုပ်ခဲ့တာပါ။ သူကတော့ လိုအပ်တဲ့နေရာတွေကို ချက်ချင်း ပြောင်းလို့ ရွှေ့လို့ရအောင် ရည်ရွယ်ပါတယ်” ဟု ရန်ကုန်နှင့်ပဲခူးအစပ်၊ အရန်တပ်ရင်းတွင် ပါဝင်နေသော တပ်သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
