25.8 C
Yangon

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ နောင်ချိုမြို့ပေါ်သို့ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း ဒုတိယအကြိမ်အဖြစ် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၄၆ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၅၁ မိနစ်အချိန်တို့တွင် စစ်ကောင်စီ၏ လေယာဉ်များက ကျောက်မဲမြို့ပေါ် မြောက်ကုန်း၊ ဆောက်လုပ်ရေးဝင်းထဲသို့ ဗုံး ၂ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးကျမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိပြီး လတ်တလော အခြေအနေ မသိရသေးကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“မနက်အစော ၁ နာရီဝန်းကျင်လောက် လာကျဲသွားတာ။ လူတွေကတော့ လေယာဉ်လာကျဲနိုင်တယ်ဆိုပြီး နိုးနိုးကြားကြားရှိကြတယ်။ ဆောက်လုပ်ရေးရုံးပျက်စီးတယ်လို့​တော့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပထမအကြိမ်အဖြစ် လေယာဉ်ဖြင့် ဗုံး၂ လုံး ကျဲချခဲ့ရာ ပန်းစံပယ် လက်ဖက်ရည်ဆိုင်အနီးနှင့်စံပြ ထမင်းဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇွန်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်က နောင်ချိုမြို့ ပေါ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝေဇာလက် နက်ကြီးဖြင့် ပစ်ခတ်လိုက်သောကြောင့် ပြည်​သူ ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးထိမှန်ပျက်စီးသွားကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန် နောင်ချိုမြို့၊ စျေးရပ် နယ်မြေ ၉ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝေဇာလက်နက်ကြီး ၄လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု ၁ဦးထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်နေသည့်ပြည်သူလူထု နေအိမ် ၁ လုံး ထိမှန် မီးလောင်သွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီး ၈ လုံးသည် နောင်ချိုမြို၊ စျေးရပ်ကွက် နယ်မြေ ၁၀ တွင် နေအိမ် ၂ လုံးထိမှန်သွားခဲ့ပြီး၊ အချို့မှာ ကျောက်ဂူ ဘုန်း ကြီးကျောင်းအောက်ဘက် တောထဲတွင် ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁ လလုံး အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်အတွင်းသို့ အပြင်းအထန် ထိုးစစ်ဆင်နေကာ နောင်ချိုမြို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ ဆက် တိုက်လုပ်ဆောင်လျက်ရှိကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ဓာတ်ပုံ – နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article