ရန်ကုန်၊ ဇွန် ၂၇
ယနေ့ နံနက်အစောပိုင်း မန္တလေးမြို့အနီးကို ဗဟိုပြု၍ ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် သိသာစွာ ခံစားရကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၂၈ မိနစ်အချိန် မန္တလေးမြို့၏အရှေ့ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါငလျင်သည် စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ ငလျင်ကြောင့် ယနေ့ နံနက်ပိုင်း မန္တလေးနှင့် ပြင်ဦးလွင်တွင် သိသာစွာ ခံစားရပြီး အထူးသဖြင့် မန္တလေးတွင် အလွန်သိသာကြောင်း မန္တလေးမှ ပြည်သူတချို့က ပြောဆိုသည်။
“ငလျင်လှုပ်တော့ တော်တော်များများ နိုးကုန်ကြတယ်။ အချိန်တော့ အရမ်းမကြာဘူး။ တစ်ချက်ပဲ ၀ုန်းဆိုပြီး လှုပ်ပြီး ပြီးသွားတယ်။ ဆောင့်တွန်းလိုက်သလိုပဲ” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။
ပြင်ဦးလွင်မှ ပြည်သူတချို့ကလည်း ယနေ့ နံနက် ၃ နာရီ ၂၈ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ အလွန်သိသာကြောင်း ပြောဆိုကြသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များစွာ လှုပ်ခတ်ခဲ့ရာ စုစုပေါင်း ငလျင်ငယ် အကြိမ်ရေ ၂၀၀ နီးပါး လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့တွင် တိမ်းစောင်းခဲ့သော အဆောက်အအုံတချို့မှာ ယနေ့အချိန်အထိ အပြီးသတ်ဖြိုဖျက်ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
