ရန်ကုန်၊ ဇွန် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း ဒုတိယအကြိမ်အဖြစ် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၄၆ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၅၁ မိနစ်အချိန်တို့တွင် စစ်ကောင်စီ၏ လေယာဉ်များက ကျောက်မဲမြို့ပေါ် မြောက်ကုန်း၊ ဆောက်လုပ်ရေးဝင်းထဲသို့ ဗုံး ၂ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အသက် ၅၀ နှစ်အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒေါ်မိုးနှောင်း ဆိုတဲ့ အဒေါ်ကြီး ပွဲချင်းပြီးဆုံးပါတယ်။ ၂ ဦးဒဏ်ရာရပါတယ်။ နေအိမ်နဲ့ ရုံးတချို့လည်းပျက်စီးတယ်” ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပထမအကြိမ်အဖြစ် လေယာဉ်ဖြင့် ဗုံး၂ လုံး ကျဲချခဲ့ရာ ပန်းစံပယ် လက်ဖက်ရည်ဆိုင်အနီးနှင့်စံပြ ထမင်းဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




