ရန်ကုန်၊ ဇူလိုင် ၃
အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးမှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း ပျံသန်းနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားပြီး ရှာမတွေ့သေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်သည် ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာတွင် ရုတ်တရက် ရေဒါမြင် ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
လတ်တလော စစ်ဆေးချက်များအရ စက်ချို့ယွင်းမှု(သို့မဟုတ်) ရုတ်တရက်ရာသီဥတု ဆိုးရွားမှုများကြောင့် ဖြစ်နိုင်သည်ဟု တွက်ဆထားကြောင်း စစ်ကောင်စီက ဆိုသည်။
လက်ရှိ တိုက်လေယာဉ် ဆက်သွယ်မှု ပြတ်တောက်နေသော နေရာတစ်၀ိုက်သို့ ရာသီဥတုဆိုးဝါးလျက်ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စစ်ကောင်စီက စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။
“သတင်းထုတ်ပြန်ချက်အရ တိုက်လေယာဉ် ပျက်ကျသွားပြီလို့ ပြောလို့ရတယ်။ ထုတ်ပြန်ထားတဲ့အချက်အရတော့ နေပြည် တော် အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာလို့ ဆိုထားတော့ ပဲခူးတိုင်းထဲမှာပဲ။ ရွှေကျင်၊ ကျောက်ကြီး အဲဒီပတ်ဝန်းကျင် ဖြစ်မယ်လို့ ခန့်မှန်းတယ်။ ကယ်ဆယ်ရေး အလွယ်တကူသွားလို့မရတဲ့နေရာတွေပါ။ ကယ်ဆယ်ရေးအဖွဲ့ကို အခုမှ စေလွှတ်ဖို့ လုပ်နေတယ်လို့ ပြောထားတော့ ကယ်ဆယ်ရေး မရောက်နိုင်သေးဘူးဆိုတဲ့သဘောပါပဲ” ဟု လေတပ်မှ အငြိမ်းစား စစ်အင်ဂျင်နီယာ အရာရှိဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း တိုက်လေယာဉ် ပျောက်ဆုံးမှုမှာ ယခုနှစ်၂၀၂၅ ခုနှစ်အတွင်း ၄ စီးမြောက် လေယာဉ် ပျက်ကျခြင်းဖြစ်သည်။
ဇွန်လ ၁၀ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့သဖြင့် တရုတ်လုပ် F-7 တိုက်လေယာဉ် ပျက်ကျခဲ့ရပြီး လေယာဉ်မှူး သေဆုံးသည်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို KIA က ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးသွားခဲ့ပြီး စစ်တပ်ဘက်မှ လေယာဉ်မှူး အပါအဝင် စစ်သား အနည်းဆုံး ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရသည်။
ဓာတ်ပုံ – ရုရှားထုတ် SU-30 တိုက်လေယာဉ်ကို စစ်ဆေးနေသည့် မင်းအောင်လှိုင်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
