ရန်ကုန်၊ ဇူလိုင် ၃
မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ယနေ့နံနက်ပိုင်း ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးပြည်သူများ ထိတ်လန့်ပြီး လမ်းပေါ်သို့ ထွက်ပြေးခဲ့ရကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန် မန္တလေး၊ တံတားဦးမြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ငလျင်ကြောင့် မန္တလေးမှ ပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်း သိရှိရသည်။
“ငလျင်လှုပ်တာက ၂ ချက် ဆောင့်ပြီး လှုပ်တာ။ အကုန်ပြေးထွက်ကြတယ်။ လှုပ်တာ အချိန်နည်းနည်းလေးကြာတယ်။ ကြမ်းတယ်။ ငလျင်ကလည်း မပြီးတော့ဘူး” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါငလျင်ကြောင့် စစ်ကိုင်းမြို့၊ မြင်းခြံမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင်လည်း သိသိသာသာ ခံစားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးဖြစ်ပွားပြီးနောက် ယနေ့ အချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်နှင့် ငလျင်များ စုစုပေါင်း အကြိမ်ရေ ၁၉၈ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မန္တလေးတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိမ်းစောင်းနေသည့် အထပ်မြင့်တိုက်တာများကို ယခုရက်ပိုင်းအတွင်း မြင်တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
