ရန်ကုန်၊ ဇူလိုင် ၃
မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၃ ရက်ဆက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စလင်းမြို့နယ်မှ တင့်ကား ၂ စီး၊ သံချပ်ကာကား ၂ စီး၊ ဖောကား ၃ စီး ဖြင့် စစ်ကြောင်းထိုးလာသော အင်အား ၂ဝဝ ခန့်ပါ စစ်ကြောင်းသည် ဆင်ဖြူကျွန်းမြို့နယ်သို့ ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှ ဝင်ရောက်လာကြောင်း သိရသည်။
ယင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပေါင်လောင် ကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အနီးကပ် ၁ နာရီ ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တင့်ကား ၂ စီးဖြင့် ပစ်ခတ်ပြီး ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာကာ ယင်းနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် သာစည် ကျေးရွာအနီး၌ နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ၃ နာရီ ကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို စစ်ကြောင်းသည် ညနေပိုင်းတွင် မြောက်မကြီးကုန်းကျေးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများကို သယ်ယူသွားကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကြောင်းသည် ဆင်ဖြူကျွန်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာစဉ် နံနက် ၈ နာရီ ၃၀ မိနစ် ဝန်းကျင်၌ မိုးဝန်း သရက်ချဉ် ကျေးရွာအကြားတွင် ရှေ့ကင်းပွိုင့် ခြေလျင်စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် သရက်ချဉ်ကျေးရွာမှ ပန်းထိမ်ကုန်းကျေးရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပန်းထိမ်ကုန်းကျေးရွာကို ယင်းနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီ တပ်သားများ သာစည်ကျေးရွာ အထိ ဆုတ်ခွာ ထွက်ပြေးစဉ် လက်နက် ခဲယမ်းများ ၊ စစ်အသုံးအဆောင်များ ရရှိခဲ့ပြီး မီးရှို့ခံရသည့် နေအိမ်များကိုလည်း အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၃၀ ရက်နေ့တွင် သာစည်ကျေးရွာသို့ ဆုတ်ခွာ အထိုင်ချနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁ ရက်နေ့တွင် စလင်းမြို့နယ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
