25.3 C
Yangon

သရက်ထောင်တွင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး ထောင်အ၀တွင် စစ်ကောင်စီက ပြန်လည် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၃

မကွေးတိုင်း၊ သရက်ထောင်တွင် အကျဉ်းကျခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသော လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်း သား ၂ ဦး ထောင်အ၀တွင် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့ သရက်အကျဉ်းထောင်မှ လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား ဦးထွန်းထွန်းအောင်(တရားလွှတ်တော်ရှေ့နေ) နှင့် ကိုနိုင်ထွန်းလင်းတို့ကို ထောင်ဗူးဝတွင်ပင် ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် သရက်မြို့မရဲစခန်းတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။

“၂၀၂၁ ခုနှစ်ကတည်းက ဖမ်းခံထားရပြီး သူတို့တပ်ထားတဲ့ ပုဒ်မတွေ အားလုံးကို ရက်ပြည့်တဲ့ အထိတောင်မှ နေခဲ့ပြီးသားဖြစ်တဲ့ ဒီနိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ကိုထွန်းထွန်းအောင်နဲ့ ကိုနိုင်ထွန်းလင်း တို့ကို အခုလိုမျိုး ပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့ ကိစ္စရပ်က လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။ တကယ်တမ်း အမှုစွဲချင်တယ်ဆိုရင် စပြီးမှ အဖမ်းခံရချိန်ကတည်းက ဆွဲရမယ်။ လွတ်ပြီးသွားမှ ပုဒ်မတစ်ခု ထပ်ကပ်ပြီး ဖမ်းတယ်ဆိုတာကြီးက လုံးဝမဖြစ်သင့်တဲ့ကိစ္စမျိုးလို့ ကျနော်တို့ သဘောထားကို ပြတ်ပြတ်သားသား ပြောလိုပါတယ်။ ဒါကြောင့် ဒီဖမ်းဆီးထားတဲ့ ၂ ယောက်လုံးကို ဘာအပြစ်မှ မရှိဘဲနဲ့ သူတို့ရဲ့ တမင် အပြစ်ပေးအရေးယူမှုမျိုးဆိုတာ နားလည်ထားတာ ဖြစ်တဲ့အတွက် အဲဒီပုဒ်မကို ပြန်ဖျက်ပြီးမှ လွတ်ရက်စေ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ပြန်လွှတ်ပေးပါလို့ပဲ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ သရက်အကျဉ်းထာင်မှ နိုင်ငံရေးအကျဉ်းသား ၄ ဦး လွတ်ရက်စေ့၍ လွတ်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း ဦးထွန်းထွန်းအောင်(တရားလွှတ်တော်ရှေ့နေ) နှင့် ကိုနိုင်ထွန်းလင်းတို့၂ ဦးကိုသာ ထောင်ဗူးဝတွင်ပင် စစ်တပ်က ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article