ရန်ကုန်၊ ဇူလိုင် ၄
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ခလရ ၁ နှင့် မြို့ပေါ်သို့ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်ကို စိုး ရိမ် ၍ စစ်ကောင်စီက မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းကို မြေကော်စက် ဘူဒိုဇာဖြင့် ဖျက်ဆီးထားကြောင်း ဒေသသတင်းရင်းမြစ် MinhlaThadin က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပဲခူးတိုင်းအနောက်ပိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း သိုက်မျှောင်ကုန်းအနီး ကားလမ်းကို စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက် ဖြင့် ကျင်းများ တူးကာ ဖျက်ဆီးထားခဲ့ကြောင်း သိရှိရသည်။
“သံချပ်ကာကား၃စီးနဲ့ စစ်သား၄၀၀လောက် စစ်ကြောင်းထိုးလာပြီး သိုက်မျှောင်ကုန်းနားက ကားလမ်းကို ဘူဒိုဇာနဲ့ဖျက်ဆီးသွားတာ။ လမ်းအကျယ် ၁၀တောင်လောက်ကို ဖျက်ဆီးထားတော့ ပြည်သူတွေ သွားလာရခက်ကုန်ပြီ။မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းက ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ ကျောက်တံခါးမြို့နယ်နဲ့ ပဲခူးတိုင်းအ နောက် ခြမ်းမှာရှိတဲ့ မင်းလှမြို့နယ်အကြားက ပဲခူးရိုးမကို ဖြတ်ဖောက်ထားတာ ၁၁၂ ကီလိုမီတာရှည်ပါတယ်။ အဲဒီ လမ်းကို စစ်တပ်က ဘူဒိုဇာတွေနဲ့ ဖျက်ဆီးထားတယ်။ အဓိက PDF တွေ ဝင်တိုက်မှာကို ကြောက်လို့” ဟု ဒေသသတင်းရင်းမြစ် MinhlaThadin ကပြောဆိုသည်။
မင်းလှမြို့နယ်အပိုင် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းသည် ခလရ ၁ နှင့် မင်းလှမြို့ထဲသို့ တိုက်ရိုက်ပေါက်ပြီး ယင်းလမ်းကို ဖြတ်တောက်ခြင်းဖြင့် PDF များ တိုက်ခိုက်မည်ကို ကြောက်လန့်၍ ဖြတ်တောက်မှုများ လုပ်ဆောင်သည်ဟု ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
အလားတူ ဇွန်လ ၉ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် မြို့ချောင်း-စိန်ကန့်လန် ရိုးမဖြတ်လမ်း ၂ မိုင်ဂိတ်အနီး ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက် ဖြင့် ၁၀တောင်ခန့် အကျယ် ကျင်းတူးကာ ဖျက်ဆီးထားကြောင်း သိရှိရသည်။
မင်းလှမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ဖြိုးမင်းဦး ၊သာယာ၀တီခရိုင် ခရိုင် ဒုတိယ ရဲမှူးကြီး စိုးခိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးရန်နိုင်အောင် အပါအဝင် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်။
အဆိုပါတိုက်ပွဲအပြီး ဇွန်လ ၁၉ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်က မင်းလှမြို့နယ်အတွင်း စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်ပြီး ကျေးရွာ ၁၀ ခုထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း စစ်ရေး အခြေအနေတင်းမာနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



