ရန်ကုန်၊ ဇူလိုင် ၁၀
အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ဝါဆိုလပြည့်နေ့ညပိုင်း မိုးကုတ်မြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူ များနှင့် မိုးကုတ်မြို့ပေါ်မှ ပရဟိတသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဝါဆိုလပြည့်ညတော့ မလုပ်လောက်ဘူးထင်တာ။ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ။ တစ်မြို့လုံးတုန်တောင်တုန်တယ်။ ဗုံးကျဲပြီးတော့ နာရေးနဲ့ လူနာတင်ပရဟိတကားတွေအကုန် အခင်းဖြစ်တဲ့နေရာကို သွားရောက် ကူညီခဲ့တယ်။ သေဆုံးတာက ကလေး ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ဒဏ်ရာရတာကလည်း ကလေးတွေ ပါတယ်။ စုစုပေါင်း ၈ ဦး။ အဲဒီမှာ ၃ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု မိုးကုတ်မြို့မှ ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီလေယာဉ်က ကျဲချသော ဗုံးမှာ လူနေရပ်ကွက်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်၍ လူနေအိမ် ၁၀ လုံးထက်မနည်း ထိမှန်ခဲ့ပြီး နေအိမ် ၆ လုံးမှာ လုံး၀ ပျက်စီးသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင်ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယမန်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသအတွင်းသို့ စစ်ကောင်စီတပ်၏ လေယာဉ်က ဗုံးကျဲချသွားကြောင်း၊ လတ်တလော လူထိခိုက်သေဆုံးမှု ရှိသည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မနေ့ည ၇ နာရီ ၃၅ မိနစ်အချိန်မှာ မော်ချီး၊ လိုလော်ထီးရွာဘက်ခြမ်းကို ဗုံးကျဲချသွားတယ်။ လူထိခိုက်သေဆုံးမှုရှိပါတယ်” ဟု မော်ချီးဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်ကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်၏ လေယာဉ်များက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့ကိုလည်း ဗုံးများကျဲချခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






