ရန်ကုန်၊ ဇူလိုင် ၁၀
အကြမ်းဖက်စစ်ကောင်စီက တက္ကသိုလ်ကျောင်းသားသမဂ္ဂကျောင်းသားဟောင်းများ အင်အားစု အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း ခေါ် ဒီရေ နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင် တို့ကို ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်တပ်က ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအာင်တို့ကို ဖမ်းဆီးပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်တထောင်ခရိုင် တရားရုံးက ၂ ၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် အသီးသီး ထပ်မံ အမိန့်ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ ၂ ဦး ချမှတ်ခံရသည့် ထောင်ဒဏ်မှာ စုစုပေါင်း နှစ် ၂၀ စီဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်ကတော့ တရားရုံးတွေ၊ ဥပဒေတွေကို လိုသလို အကာအကွယ်ယူပြီးတော့ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို ဖိနှိပ်လေ့ရှိပါတယ်။ ဒါက သူတို့ရဲ့ သန္ဓေ သရုပ်အမှန်ပါပဲ။ ကျနော်တို့အနေနဲ့ကတော့ မတရား ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံလိုက်ရတဲ့ ရဲဘော်တွေအတွက်ရော၊ မလွတ်မြောက်သေးတဲ့ ပြည်သူတရပ်လုံး အတွက်ကိုပါ ယုံကြည်ရာ ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ် ဆက်လက်ကြိုးစားသွားပါမယ် ခဗျ။ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးက ကျနော်တို့ရဲ့ သံန္နိဌာန်ဖြစ်ပါတယ်”ဟု တကသ ကျောင်းသားဟောင်းများအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရသူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏ ဦးဆောင်သူတဦးဖြစ်ပြီး ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ထို့အတူ ကိုရှိန်းဝေအောင်မှာလည်း ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း တစ် ဦးဖြစ်သည့်အပြင် ကျောင်းသားအရေးနှင့် လူငယ့်ရေးရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော အကြမ်းမဖက်တက်ကြွလှုပ်ရှားသော လူငယ်ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်အခြေစိုက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
