ရန်ကုန်၊ ဇူလိုင် ၁၀
Dream Vision ကုမ္ပဏီကို မြန်မာစစ်အုပ်စု၏ ကာလရှည်မိတ်ဖက် ခရိုနီကုမ္ပဏီကြီး ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်နှင့် အဆိုပါဂျပန်ကုမ္ပဏီများ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစီမံကိန်းသည် မြန်မာအမျိုးသားတီဗွီ (MNTV) အတွက်လည်း ရုပ်သံထုတ်လွှင့်ရေး စက်ပစ္စည်းကိရိယာများ ပံ့ပိုးကူညီပေးခဲ့ကြောင်း Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန်သည်။
တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်အုပ်စု၏ ကြီးလေးသော လူ့အခွင့်အရေးအန္တရာယ်များအား ဖြေရှင်းရန် ပျက်ကွက်နေသည့်အခြေအနေတွင် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးကွန်ရက်နှင့် ဆက်နွှယ်နေသည့် မြန်မာခရိုနီစီးပွားရေး လုပ်ငန်းစုကြီးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်နေသည့်အပေါ် မြန်မာနှင့် ဂျပန် အရပ်ဘက်အဖွဲ့များ၏ တစိုက်မတ်မတ် တောင်းဆိုမှုများကြောင့် ယခုလို ဂျပန်ကုမ္ပဏီများ စီမံကိန်းမှ နှုတ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ရွှေသံလွင်မီဒီယာသည် ရွှေသံလွင်အုပ်စု(STLG)၏ လုပ်ငန်းခွဲဖြစ်ပြီး၊ ရွှေသံလွင်အုပ်စုအား မြန်မာစစ်အုပ်စုနှင့်အလွန် နီးကပ်သည့်ဆက်ဆံရေးများမှ အကျိုးအမြတ်များရရှိနေသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြခဲ့သည်။
ရွှေသံလွင်အုပ်စု(STLG)သည် ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ”တွင်လည်း ပံ့ပိုးကူညီရန် လှူဒါန်းခဲ့သည့် ကုမ္ပဏီများတွင် ပါဝင်ခဲ့သည်။ ယင်းစစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူပေါင်း ၇၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားရင်ဆိုင်နေရသည်။
ထို့အပြင် ရွှေသံလွင် ကျော်ဝင်း ဟုလူသိများသည့် ခရိုနီကျော်ဝင်း၏ မီဒီယာကုမ္ပဏီပင်ဖြစ်သည့် Sky Net သည် Premier league ဘောလုံးပွဲစဥ်များ အပါအဝင် နိုင်ငံတကာလောလုံးပွဲများကို နှစ်ပေါင်းများစွာ အလုံးစုံချုပ်ကိုင် အမြတ်ကြီးတင် ပြန်လည်ထုတ်လွှင့်ခဲ့မှုကြောင့် သန်းချီသော မြန်မာဘောလုံးပရိသတ်များသည် ပရီးမီးယားလိဂ် ဘောလုံးပွဲစဥ်များကို ဆယ်စုနှစ်ချီ ကြည့်ရှုခွင့် ဆုံးရှုံးခဲ့ရပြီး၊ မြန်မာပရိတ်သတ်၏ အမျက်ရှ ပြစ်တင်ဝေဖန်ခြင်းကို ပြင်းစွာခံခဲ့ရသည့် ကုမ္ပဏီလည်း ဖြစ်သည်။
ရွှေသံလွင် ကျော်ဝင်းသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနီးကပ် ဆက်ဆံရေးရှိသော ခရိုနီသူဌေးတစ်ဦးဖြစ်ပြီး၊ မင်းအောင်လှိုင်၏ ရုရှနိုင်ငံခရီးစဥ်ကဲ့သို့သော နိုင်ငံတကာ ခရီးစဥ်များတွင် လိုက်ပါခွင့်ရသူတစ်ဦးလည်းဖြစ်သည်။
အထက်ပါစိုးရိမ်ချက်များအပြင် ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် (STLM) နှင့် လက်ရှိတွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြား (MRTV) တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် Myanmar International Television (MITV) သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး မြှင့်တင်ဆောင်ရွက်ပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း JFM ကဆိုသည်။
Dream Vision သည် MNTV ၏ ရုပ်သံထုတ်လွှင့်မှုစွမ်းရည်များအား မြှင့်တင်ရန် အခြေခံအဆောက်အဦး ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ပြီး၊ ယင်းပံ့ပိုးမှုသည် MITV အတွက်လည်း အကျိုးဖြစ်ထွန်း စေနိုင်သည့် အန္တရာယ်တွင် ရှိနေသည်ဟု JFM ကထောက်ပြဝေဖန်သည်။
JIB၊ Cool Japan Fund နှင့် JICT Fund တို့သည် အဆိုပါ Dream Vision ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်တော့ ၎င်းတို့၏ ရှယ်ယာများအား ထုတ်ယူရုပ်သိမ်းရန် ဝန်ကြီးဌာနအဆင့် အတည်ပြုချက်ကို ရရှိခဲ့ကြသည်ဟု JFM ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Cool Japan Fund နှင့် JICT တို့ ရင်းနှီးမြှုပ်နှံမှုများ၏ ၉၀ ရာခိုင်နှုန်းသည် ဂျပန်အစိုးရ ငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေအစီအစဉ်အထူးအကောင့်မှ လာခြင်းဖြစ်သည့်အတွက် မြန်မာစီမံကိန်းမှ ပြန်လည်နှုတ်ထွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်ကိုလည်း မြန်မာ ဂျပန် အရပ်ဘက်အဖွဲ့များက ထောက်ပြတောင်းဆိုခဲ့ကြသည်။
Dream Vision ကုမ္ပဏီထံ ဂျပန်ကုမ္ပဏီ သုံးခု၏ ရှယ်ယာများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းရှိမရှိ၊ Dream Vision က MNTV ထံ ပေးအပ်ခဲ့သည့် ရုပ်သံလွှင့်စက် ပစ္စည်းများကဲ့သိုသော အရာများကို ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းရှိမရှိ တို့နှင့်စပ်လျင်း၍ အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံပေးပို့သော စာတစ်စောင်ကို သက်ဆိုင်ရာများထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါနှုတ်ထွက်မှုဖြစ်စဥ်တွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများအား လေးစားလိုက်နာရေးများအတွက် တောင်းဆိုထားကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယူကာကီဂူချီက “Cool Japan Fund နဲ့ JICT တို့လို အများပြည်သူ ရံပုံငွေနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ သို့မဟုတ် ဂျပန်နိုင်ငံရဲ့ အစိုးရရုပ်သံလွှင့်ဌာန NHK ရဲ့ လုပ်ငန်းခွဲ JIB တို့အနေနဲ့ အထက်ဖော်ပြပါ ပြဿနာတွေကို ဖြေရှင်းခြင်းမပြုဘဲ စစ်အုပ်စုဝါဒဖြန့်ချိရေးကို အထောက်အပံ့ပြုနိုင်ပြီး၊ မြန်မာစစ်အုပ်စုဆက်နွှယ် ခရိုနီတွေအတွက် ဝင်ငွေလမ်းကြောင်းဖြစ်စေမယ့် စီမံကိန်းတစ်ခုကနေ တိုးတိုးတိတ်တိတ် ထွက်ခွာတာက လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “JIB၊ Cool Japan Fund နဲ့ JICT တို့က မြန်မာနိုင်ငံကနေ သူတို့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက် မြန်မြန်ဆန်ဆန်၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားဖို့၊ Dream Vision ကနေ သူတို့ထွက်ခွာရာမှာ လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုတွေ ပါဝင် ခဲ့ခြင်းရှိမရှိ၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပံ့ပိုးကူညီတဲ့ ခရိုနီတွေအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ၊ ဘေးအန္တရာယ် လျော့ပါးသက်သာရေး အစီအစဉ်တွေ ရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ခဲ့လဲ … စတာတွေကို ရှင်းလင်းပြောကြားဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



