ရန်ကုန်| ဇူလိုင် ၁၀
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ကျေးရွာ ၁၆ရွာခန့်မှာ ရေ ၅ ပေခန့်ကနေ ၆ ပေခန့်အထိ နစ်မြုစ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ၄ ရက်လောက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ကျေးရွာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တံခွန်တိုင်ကျေးရွာသားတစ်ဦးက ပြော သည်။
“၄ ရက်လောက်က စပြီးတော့ ရေကြီးလာတယ်လို့ ပြောလို့ ရမယ်။ မိုးကလည်းအဆက်မပြတ်ရွာတယ်။ တောင်ကျရေတွေ ဆက်တက်ကျတယ်။ ကျေးရွာတော်တော်များများ ရွေလွှမ်းနေတာပေါ့။ ချောင်းကမ်းနားစပ်ကျေးရွာတွေဖြစ်တဲ့ မင်းဖူး၊ မြင်းကဆိပ် ကုလားမတောင် တံခွန်တိုင်၊ ဖုံသာချောင်းဖက်မှာဆိုရင် မြင်းတင်မ၊ လက်ခုတ်ကျေးရွာ ရေဖုံးလွှမ်းနေတယ်”ဟု ၎င်းက ပြောသည်။
ရေလွှမ်းမိုးနေသည့် ကျေးရွာများမှာ ပုလဲတောင်၊ ကပ္ပဲ့၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ဝါးတောင်၊ ပေါက်တော၊ ကုလားမတောင်၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ မြင်းတင်မ၊ လက်ခုတ်ကျေးရွာများ ဖြစ်ကြသည်။
ချောင်းကမ်းပါးနှင့် နီးပြီး မြေနိမ့်ပိုင်းကျေးရွာများဖြစ်ကြသော ပြင်ယောင်၊ ချောင်းတော၊ မင်းဖူး၊ မြင်း ကဆိပ်၊ ဝါးတောင်၊ ပေါက်တော၊ ကုလားမတောင်၊ တံခွန်တိုင်ကျေးရွာများတွင် ရေ ၅ ကနေ ၆ ပေအထိ မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
ကုလားမတောင်ကျေးရွာသားတစ်ဦးက “မိုးဆက်တိုက်ရွာရင်တော့ ၇ ရက်ကနေ ၁၀ ရက် အထိ ရေကြီးတက်ပါတယ်။ တစ်ချို့ရွာတွေဆိုရင် ၆ ပေအထိ ရေမြင့်တက်လာတယ် “ဟုပြောသည်။
အဆိုပါ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း မိုးဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် လေးမြို့ချောင်းရေ ဖုံးလွှမ်းလာရေ ကျေးရွာများတွင် ယခုကဲ့သို့ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
အလားတူ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မောင်တော မြို့နယ်များတွင် နေအိမ်အချို့ နစ်မြုပ်နေပြီး ဒေသခံပြည်သူများမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည်။
ဓာတ်ပုံ – မင်းပြားမြို့နယ်တွင် ရေနစ်မြုပ်နေသော ကျေးရွာများအားတွေ့ရစဉ်။ ဓါတ်ပုံ- APM။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






