ရန်ကုန်၊ ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆောင်များနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့် ဘီးလင်းမြို့နယ်၊ မင်းစောရွာ စာသင်ကျောင်းအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း မင်းစောကျေးရွာ၌ အသစ်ဆောက်လုပ်ထားသော ကျောင်း အဆောက်အဦး ၂ လုံး နှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မင်းစောရွာ စာသင်ကျောင်းကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သွားတာပါ။ အဲရွာကို စစ်ခွေးတွေ လေယာဉ်နဲ့ ပစ်မှတ်ထား ဗုံးကျဲတာ ၅ ကြိမ်ရှိပါပြီ” ဟု ဒေသတွင် သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကလည်း မင်းစောကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးသီးများ လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ကလည်း မင်းစောရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးသီးများကျဲချ ခဲ့ကြောင်း၊ ဒူးသထူခရိုင်အတွင်း လေယာဉ်၊ ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း၊ မောတောင်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KTLA-tcjf-Tanintharyi က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မောတောင်မြို့နှင့် ၉ ကီလိုမီတာအကွာရှိ အမှတ် ၉ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များလည်း ပျက်စီးကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KTLA-tcjf-Tanintharyi ကပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











