24.6 C
Yangon

မြန်မာ့အရေး အမြဲစိုးရိမ်နေသော ကုလသမဂ္ဂအဖွဲ့ကို စိတ်ပျက်ဟု စစ်ကောင်စီ ထုတ်ပြန်

Must read

ရန်ကုန်| ဇူလိုင် ၁၁

မြန်မာ့အရေး အမြဲစိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသော ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို အသိအမှတ်မပြုသည့်အတွက် စိတ်ပျက်မိကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာ့အရေးဆွေး နွေးချက်များအပေါ် ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီမှ တုန့်ပြန်ရာတွင် ပြောဆိုထားခြင်းဖြစ်သည်။

ထိုအစည်းအဝေး၌ မြန်မာ့အရေးဆွေးနွေးရာမှာ ပကတိမြေပြင် အခြေအနေမှန်နှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံရေးအရ လိုရာဆွဲပုံဖော် တစ်ဖက်သက် ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု စစ်ကောင်စီက ဆိုသည်။

ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေချိန် တစ်ဖက်မှာလည်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ပြောသည်။

ရွေးကောက်ပွဲကျင်းပပေးရန်လည်း စီစဉ်လျက်ရှိနေပြီး လက်နက်ကိုင်အဖွဲ့များကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

အမျိုးသားရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူများပါဝင်သော စီးပွားရေးဖိုရမ်များ၊ ငြိမ်းချမ်းရေးဖိုရမ်များကို ကျင်းပပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ပြောသည်။

သို့သော် ကုလသမဂ္ဂအဖွဲ့အနေဖြင့် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ အဆိုပါ အပြုသဘောလုပ်ငန်းစဉ်များကို တစ်စုံတစ်ရာ အသိအမှတ်ပြုခြင်းမရှိသည်မှာ အထူးစိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

အဆိုပါ လုပ်ရပ်များသည် ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှု စသည့်စံနှုန်းများကို သွေဖည်ဆန့်ကျင်လျက်ရှိသည်ဟုလည်း စစ်ကောင်စီက ပြောသည်။

ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ ကပ်ရောဂါဘေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးဖွံ့ဖြိုးတက်ရေး အရေးကြီးကိစ္စရပ်များ ဦးစားပေးဖြေရှင်းရမည့်အစား နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားဆောင်ရွက်မှုများသည် ကုလသမဂ္ဂအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည်မှုကို လျော့ကျစေမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါအခြေခံမူများကို ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း စစ်ကောင်စီက တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article