မြန်မာနိုင်ငံတွင် ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဆိုးရွားလာမှုအပေါ် အာဆီယံက အလွန်စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြေညာ ချက်တွင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာမှု အခြေအနေ ပိုမိုဆိုးရွားလာခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း ၊ အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အ၀အကောင်အထည်ဖော်ရေးကို ဆက်လက် ရပ်တည် တောင်းဆိုကြောင်း ဖော်ပြထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်မှုများ ကျူးလွန်နေမှုအပေါ် အပြင်းအထန် ရှုတ်ချခဲ့ပြီး သက်ဆိုင်သူများအနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်စဲရန်၊ အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ကြရန် အရပ်သားများနှင့် အရပ်သားဆိုင်ရာ အဆောက်အဦများကို ကာကွယ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်သည့် ပတ်ဝန်းကျင်နှင့် အားလုံးပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးရေးအတွက် သင့်လျော်သော အခြေအနေများ ဖန်တီးရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေး ကြေညာချက်များကို အာဆီယံက ကြိုဆိုခဲ့ပြီး AHA Centre က ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ တိုးတက်မှုများနှင့်ပတ်သက်၍ ကြိုဆိုကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် နံပါတ် ၄ အဖြစ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ASEAN ထိပ်သီးခေါင်းဆောင်၏ အထူးကိုယ်စားလှယ် Tan Sri Othman Hashim ၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြု တန်ဖိုးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့အရေးအတွက် အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ မည်သည့် တိုးတက်သော ရလဒ်မှ မရရှိသေးပေ။
