ရန်ကုန်၊ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၄ ဦးဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းရှိ အကြမ်း ဖက်စစ်တပ်၏ တပ်သစ်အမြောက်ကုန်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြောက် ကြာအင်းကျေးရွာ၊ ကုန်းမြင့်သာယာရပ်ကွက်နေ ကလေးငယ် ၄ ဦး ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသော ကလေးငယ် ၄ ဦးမှာ အသက် ၁၀ လအရွယ် ကလေးငယ်မှာ နဖူးကျည်စထိမှန်ခဲ့ကြောင်း၊ အသက် ၁၀ နှစ်အရွယ် သမီးငယ်မှာ ညာဘက်နားထင် နှင့် ဘယ်ဘက်ဒူးခေါင်း ထိမှန်ပြီး နားထင်တွင် ကျည်စကျန်ရှိဒဏ်ရာရရှိကြောင်း၊ အသက် ၄ နှစ်အရွယ် သမီးငယ်လေးမှာလည်း ညာဘက်နားထင် ကျည်စထိမှန်ဒဏ်ရာရရှိကြောင်း၊ အသက် ၂နှစ် နှင့် ၈လ အရွယ် သားငယ်မှာ ဘယ်ဘက်ကျောကုန်းနှင့် ဘယ်ဘက်လက် ယမ်းစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ထီးသဲလယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီးသွားကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ မွန်းလွဲပိုင်း စစ်ကောင်စီက ထီးသဲလယ်ကျေးရွာသို့ Yak-130 အမျိုးအစား တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကျေးရွာအတွင်း စာသင်ကျောင်းမှာ ပျက်စီးသွားကြောင်း၊ ကျဲချသော ဗုံးမှာ ဆင့်ကွဲ ပေါက်ကွဲစေတတ်သော ကလပ်စတာဗုံးအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ တိုက်လေယဥ်ဖြင့်ဗုံးကျဲပစ်ခတ်မှုကြောင့် ထီးသဲလယ်ရွာ စာသင်ကျောင်း အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းရှိ စာသင်ဆောင်များ၊ ဆိုင်ခန်းများနှင့် နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









