ရန်ကုန်၊ ဇူလိုင် ၁၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တို့တွင် လုပ်ငန်းရှင် ဒေါ်ခင်မကြီးနှင့် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တို့ကို စစ်တပ်နှင့်ပျူစောထီး လက်နက်ကိုင်များက ပြန်ပေးဆွဲမှုများ ဖြစ်ပွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးတိုင်း၊ ညောင်းဦးမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်ရှိ၍ လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်တပ်နှင့် ဆက်နွယ်နေသော လက်နက်ကိုင် လူတစ်စုက စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်မကြီးကို ပြန်ပေးဆွဲ ဖမ်းဆီးပြီး ရွှေထည်၊ ကားနှင့် ငွေကျပ် သိန်း ၅၀၀ ကို ယူဆောင်သွားကြောင်း ညောင်ဦးခရိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်အချိန် ညောင်ဦးမြို့ အမှတ် ၆ အောင်မြေသာရပ်ကွက်တွင် နေထိုင်သော စီးပွားရေး လုပ်ငန်းရှင် ကိုစန်းဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မကြီးကို သေနတ်သမားများက ပြန်ပေးဆွဲ ဖမ်းဆီးပြီး ရွှေထည် ပစ္စည်းများ ၊ ကား နှင့် ငွေကျပ် သိန်း ၅၀၀ ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထို ပြန်ပေးဆွဲမှု ဖြစ်ပွားစဉ်တွင် ညောင်ဦးမြို့ပေါ်၌ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်ရှိ၍ လက်နက်ကိုင် ဆောင်ထားသော စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ ခြေရှုပ်နေချိန်ဖြစ်ပြီး လုံခြုံရေး တင်းကျပ် ထားချိန်လည်းဖြစ်သည်။
အဆိုပါ ပြန်ပေးဆွဲမှု ကျူးလွန်သူများကို PDF တပ်ဖွဲ့များကလည်း လိုက်လံ စုံစမ်းနေပြီး ကျူးလွန် သူများသည် ပခုက္ကူ၊ မြစ်ခြေနှင့် ကျွန်းချောင်းဘက်မှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများ ဖြစ်ကြောင်း၊ တရားခံများကို ဆက်လက် ဖမ်းဆီးနိုင်ရေး ညောင်ဦးခရိုင်ပကဖ မှ လည်း စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“လက်နက်ကိုင် ဓားပြတွေ ဖမ်းဆီးသွားတာက ကိုစန်းဦးရဲ့ ဇနီး မခင်မကြီး နဲ့ ယာဥ်မောင်း ကိုမင်းသူပါ။ ညောင်ဦးမြို့ အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ မအလ ခရီးစဥ်ကြောင့် ဝင်ထွက်လှုပ်ရှားဖို့ အင်မတန်ခက်ပါတယ်။ အခုဟာက ပြန်ပေးဆွဲ ဓားပြသမားတွေပါ။ ပခုက္ကူ ၊ မြစ်ခြေ နဲ့ ကျွန်းချောင်းဘက်က ပျူစောထီးတွေလည်း ဖြစ်နိုင်ပါတယ်။ မြစ်ခြေဘက်က ပျူစောထီးတွေ နယ်မြေထဲ စိမ့်ဝင်လာတယ်လို့လည်း သတင်းရထားတာရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေတော့ မဟုတ်တာသေချာ ပါတယ်” ဟု ညောင်ဦးခရိုင်ပကဖ မှ တာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။
လက်ရှိချိန်တွင် ညောင်ဦးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသော ပခုက္ကူခရိုင် ဘက်မှ ဓားပြ အဖွဲ့များလည်း သွားလာလှုပ်ရှားမှုများ ရှိနေပြီး မင်းအောင်လှိုင် ခရီးစဥ်ကြောင့် လုံခြုံရေး အမြင့်ဆုံးဖြစ်နေချိန် ဓားပြတိုက်၍ ဓားစာခံ ၂ ဦးကို ခေါ်ဆောင်ဆောင်သွားရန်နှင့် မြို့ပေါ်မှ ပြန်လည်း ထွက်ခွာရန် မဖြစ်နိုင်ကြောင်း ညောင်ဦးခရိုင်ပကဖ မှ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ ဇူလိုင်လ ၁၃ ရက်နေ့ ကရင်ပြည်နယ်၊မြဝတီ မြို့အမှတ် ၄ ရပ်ကွက် သံတတားကားဝင်းအဟောင်းအနီး မှ အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကိုပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၂၂ ယူနီ ဖောင်းဝတ် စစ်သားများက လုပ်ငန်းရှင်ကို နေအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးပြီး ထိုင်းဘတ် ဘတ်ငွေ ၄ သန်းဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ထို့ကြောင့် မိသားစုက BGF တပ်များ၏ အကူအညီဖြင့် လိုက်လံရွေးထုတ်ရန် ကြိုးစားရာ ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးထိခိုက်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများနှင့် နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
