ရန်ကုန်၊ ဇူလိုင် ၁၆
အကြမ်းဖက်စစ်တပ်ကို ဗမာလူမျိုးများကိုယ်တိုင် ပြန်လည် ဆန့်ကျင်တိုက်ခိုက်နေမှုကြောင့် စစ်တပ် ၏ ဓိတ်ဓာတ်ပျက်စီးနေပြီး အခက်အခဲ အကျပ်အတည်းဖြစ်နေကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာ ရှင်တိုက်ဖျက်ရေး NMSP-AD / ရာမညမွန်တပ်တော်၏ နိုင်ငံရေး/စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ဇေယျက ပြောဆိုသည်။
ဇွန် ၂၄ ရက်နေ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD / ရာမညမွန်တပ်တော် ကနေ ဖွင့်လှစ်သည့် အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်ကို တိုင်းပြည်တစ်ခုလုံးက အာဏာသိမ်းချိန်မှစတင်၍ ဗမာလူမျိုးကိုယ်တိုင် ပြန်လည် ဆန့်ကျင်တိုက်ခိုက်နေကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုမှာ မရှိခဲ့ဖူးကြောင်း၊ အဆိုပါ အခြေ အနေကို မွန်လူမျိုးများအနေဖြင့် အခွင့်ကောင်းယူပြီး လက်မလွှတ်သင့်ကြောင်း ၎င်းက ပြောဆိုသည်။
“နိုင်ငံရဲအခြေအနေကို သိထားသင့်တယ်၊ အခုတိုက်နေတဲ့ စစ်ပွဲက နိုင်ခြေရှိလား၊ ရှုံနိုင်ခြေရှိလား။ အာဏာ သိမ်းပြီးကတည်းက တိုင်းပြည်တစ်ခုလုံးက စစ်တပ်ကို ဆန့်ကျင်နေတာပါ။ အထူးသဖြင့် ဗမာလူမျိုးအချင်းချင်း တိုက်ခိုက်တာမျိုး မရှိခဲ့ဖူးဘူး။ ဒီလိုအခွင့်ကောင်းကို ယူပြီး မွန်လူမျိုးက လက်မလွတ်သင့်ဘူး။ တိုင်း ၂ ခုဖြစ်တဲ့ အရှေ့မြောက်တိုင်း၊ အနောက်ပိုင်းတိုင်းဖြစ်တဲ့ ရခိုင်နဲ့ လာရှိုးဒေသမှာ နယ်မြေသိမ်းဆည်းထားတွေ လုပ်လာနိုင်တယ်။ အခုဆို မြို့ပေါင်း ၉၀ ထက်မနည်း သိမ်းဆည့်ထားနိုင်ထားဟာ ကျနော်တို့အနေနဲ့ တစ်ခါမှ မကြားဖူးပါဘူး။ စစ်တိုက်ဖူးတယ်။ သူတို့ စစ်တပ် စခန်းတစ်ခု၊ တပ်သားတစ်ယောက် ဖမ်းဆီးဖို့က မလွယ်ကူခဲ့ဘူး။ အခုအချိန်ကတော့ စစ်တပ်ဘက်က တပ်သားတွေက လက်နက်ချ အညံခံကြတယ်။ တပ်က ထွက်ပြေးတာ၊ ပြောချင်တာ ရန်သူစိတ်ဓါတ်က ပျက်စီးသွားတယ်။ ရန်သူဘက်ကလည်း အခက်အခဲ၊ အကျပ်အတည်း ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်ရန် အရေးကြီးပြီး အခက်အခဲများကို ကျော်ဖြတ်နိုင်မှသာ ဖြစ်နိုင်ကြောင်း ၊ ခဏဘဲ ဝင်ရောက်ပြီး ရပ်နားလိုက်သည်မျိုး မဖြစ်ရန် လိုအပ်ကြောင်း၊ ၎င်းက ဆက်လက်ပြောဆိုသည်။
“နောက်တစ်ခု စိတ်ဓာတ်လည်း ကြံခိုင်ရမယ်၊ စိတ်ဓာတ်မကြံခိုင်ရင် အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်သလို ခဏပဲ ဝင်ရောက်ပြီး ရပ်နားလိုက်တာမျိုး မဖြစ်စေချင်ဘူး။ အဓိက ရည်ရွယ်ချက် (၃) ခု (၁) အခြေခံစစ်အတတ်ပညာကို တက်မြောက်ထားရန်၊ (၂) ကာယကြံခိုင်ခြင်း (ကိုယ်ခန္ဓာ)။ (၃) စိတ်ဓါတ်ကြံခိုင်ရန် ဖြစ်တယ်။ တော်လှန်ရေးလျှောက်ရမယ်လမ်းက ပန်းခင်းလမ်းမဟုတ်ဘူး၊ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်တယ်။ သွားရမယ်ခရီးလမ်းကိုလည်း သွားနိုင်ရမယ်။ ထင်ထားသလောက်အခက်အခဲဖြစ်နိုင်တယ်။ အာလုံးသိကြတဲ့အတိုင်း အခုအချိန်က တော်လှန်ရေးလုပ်ဖို့ အချိန်အခါကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လူမျိုး လွတ်မြောက်ရေးအတွက် အတွေးတူ၊ အမြင်တူများကို လှုံ့ဆော်သွားပြီး စစ်အာဏာတိုက်ဖျက်ရေး ဆောင်ရွက်သွားရမယ်”ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာ ရှင်တိုက်ဖျက်ရေး NMSP-AD / ရာမညမွန်တပ်တော်၏ နိုင်ငံရေး/စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ဇေယျက ဆက်လက်ပြောဆိုသည်။
မွန်ပြည်သစ်ပါတီ စစ်အာဏာ ရှင်တိုက်ဖျက်ရေး NMSP-AD / ရာမညမွန်တပ်တော်အနေဖြင့် မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့်ပေါင်းစည်းသွားမည့်အပြင် ပလောင်တပ်ဖွဲ့၊ ကရင်၊ ကရင်တော်လှန်ရေးတပ်များနှင့်လည်း စစ်ညီနောင်အဖြစ် သဘောတူညီထားကြောင်း သိရှိရသည်။
“မဟာမိတ်စစ်ရေးလှုပ်ရှားမှုအနေနဲ့ အရင်တုန်းက ယုံကြည်မှုရော၊ အသိအမှတ်မပြုကြဘူး။ အခုဆိုရင် တပ်အင်အားများပြားလာတော့ အသိအမှတ်ပြုလာကြတယ်။ ကော့ကရိတ်မြို့နယ်တောင်ပိုင်းကနေ့ ရေဖြူမြို့နယ်အထိ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာနိုင်တယ်။ အဲဒီဒေသမှာရှိနေတဲ့ မွန်ဒေသခံအတွက်လည်း အခြားလူမျိုးက ဖိနှိပ်ချုပ်ချုယ်မှု နည်းလာတယ်။ လှုပ်ရှားမှုရော၊ တပ်အင်အားများလာလေ့လေ ပြည်သူများကို ကာကွယ်နိုင်မယ်” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီ စစ်အာဏာ ရှင်တိုက်ဖျက်ရေး NMSP-AD သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ စစ်အာဏာရှင် တော်လှန် ရေးအတွက် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း တော်လှန်တိုက်ခိုက်နေသော မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



