ရန်ကုန်၊ ဇူလိုင် ၁၇
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ညီနောင်ဖျားရွာ အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်နှင့် စကားများရန်ဖြစ်သော အသက် ၂၅ နှစ်အရွယ် မောင်အောင်အောင်ကို ခမရ ၅၃၄ တပ်ရင်းက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်ထဲတွင် ရိုက်သတ်လိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးမိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာအုပ်စုတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် မောင်အောင်အောင်က စစ်မှုထမ်းခိုင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးမင်းအောင်နှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်က မော်လမြိုင်ကျွန်းမြို့နယ်ရှိ ခမရ ၅၃၄ တပ်ရင်းသို့ ဖုန်းဆက်၍ မောင်အောင်အောင်ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခိုင်းခဲ့ကြောင်း သိရှိရသည်။
ခမရ ၅၃၄ တပ်ရင်းက မောင်အောင်အောင်ကို စစ်မှုထမ်းအဖြစ် ဖမ်းခေါ်သွားသည့် အတွက် မောင်အောင်အောင်၏ မိသားစုဝင်များက မောင်အောင်အောင် ပြန်လည် လွတ်မြောက်ရေးအတွက် ခမရ ၅၃၄ တပ်ရင်းရှိရာ မော်လမြိုင်ကျွန်းမြို့နယ်အထိ သွားရောက်ပြီး ညှိနှိုင်းခဲ့ကြောင်း၊ ထို့နောက် ခမရ ၅၃၄ တပ်ရင်းမှ အရာရှိက သိန်း ၁၂၀ ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် မောင်အောင်အောင်၏ မိသားစုဝင်များက ခမရ ၅၃၄ တပ်အရာရှိထံသို့ ငွေကျပ် သိန်း ၁၂၀ ပေးပို့ခဲ့ပြီးနောက် ခမရ ၅၃၄ တပ်က မောင်အောင်အောင်၏ အလောင်းကို မော်လမြိုင်ကျွန်းမြို့နယ် ဆေးရုံရှိ ရင်ခွဲရုံထံတွင် သွားရောက် ထုတ်ယူရန် ပြောဆိုကြောင်း သိရှိရသည်။
“ခမရ ၅၃၄ တပ်အရာရှိက သိန်း ၁၂၀ ပေးရင် လွှတ်ပေးမယ်ဆိုလို့ မိသားစုက ရွာပြန်ပြီး လယ်တွေ အားချင်း ချက်ချင်းရောင်းတယ်။ သိန်း ၁၂၀ ရတော့ တပ်ကို သွားပေးတယ်။ အဲဒီမှာ တပ်က ခင်ဗျားတို့သား မော်ကျွန်းဆေးရုံမှာ ဆိုပြီးပြောတယ်။ မိသားစုက လိုက်သွားတော့ ရင်ခွဲရုံမှာ အလောင်းပဲ ပြန်ရတယ်” ဟု သေဆုံးသူ မောင်အောင်အောင်၏ မိတ်ဆွေတစ်ဦးက ရှင်းပြသည်။
ခမရ ၅၃၄ တပ်ရင်းက ရိုက်နှက်သတ်ဖြတ်ထားသော မောင်အောင်အောင်၏ အလောင်းမှာ မော်လမြိုင်ကျွန်းဆေးရုံရင်ခွဲရုံတွင် ဦးခေါင်းထုရိုက်ထားသောဒဏ်ရာများ၊ မျက်နှာတွင်နှိပ်စက်ထားသောဒဏ်ရာများ၊ သွားများကျိုးပဲ့ဒဏ်ရာများ၊ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာဖြင့် သေဆုံးနေကြောင်း သိရှိရသည်။
ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်၏ ဖုန်းဆက်မှုကြောင့် ခမရ ၅၃၄ တပ်ရင်းက ဖမ်းဆီးခံခဲ့ရသော မောင်အောင်အောင်ကို တပ်က ဖမ်းဆီးပြီးနောက် နေ့ချင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းရမည်ဆိုကာ ဖမ်းဆီးခံခဲ့ရသော မောင်အောင်အောင် သေဆုံးမှုအ တွက် ဖုန်းဆက် ဖမ်းဆီးခိုင်းခဲ့သော ညီနောင်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်နှင့် ရိုက်နှက်သတ်ဖြတ်ခဲ့သော ခမရ ၅၃၄ တပ်မှ အရာရှိနှင့်စစ်သည်များကို ယခုအချိန်အထိ အရေးယူအမှုဖွင့်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
